Showing posts with label Writing Short Stories. Show all posts
Showing posts with label Writing Short Stories. Show all posts
ရေးသားသူ ထင်လင်းအောင်
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို သူမ ကြည့်နေမိတယ်….။အရင်တုန်းက ဒ်ီကန်ရေပြင် လေးဘေးနား…ဒီခုံတန်းလေးပေါ်မှာ….သူနဲ့ အတူတူ ထိုင်ပြီး စကားတွေ တတွတ်တွတ် ပြောရင်း
ပျော်ရွှင် ကြည်နူးခဲ့ဘူးတယ်….။သူ့ရဲ့ ရင်ခုန်သံကို နားထောင်ရင်း သူ့ရင်ခွင်ထဲမှာ မှေးဆက် နေခဲ့ဘူးတယ်….။အခုတော့ ဒီခုံတန်းလေး ပေါ်မှာ သူမတစ်ယောက်တည်း…..။ ဒီကန်ရေပြင် ဘေးနားမှာ ရှိနေကြတဲ့… စုံတွဲ လေးတွေက သူမကို သနားဖွယ်အကြည့်တွေနဲ့ ကြည့်နေကြ သယောင်ယောင်….။

အမှန်တော့ စုံတွဲတွေသာလာတတ်တဲ့ ဒီကန်ရေပြင်လေးနားဆီကို သူမတစ်ယောက်တည်း
ရောက်မလာသင့်ပါဘူး…..။ဒါပေမယ့်လည်းလေ…..သူမရဲ့ စိတ်ထဲမှာ သူ့ကို အရမ်းသတိရနေမိ
တယ်။သူနဲ့ မတွေ့ တာ အတော်ကြာနေပြီ…။သူနဲ့ အရင်တုန်းက သွားခဲ့ဘူးတဲ့ နေရာလေးတွေ….
အထူထိုင်ခဲ့ဘူးတဲ့ ခုံတန်းလေးတွေ….အတူတူစုံတွဲ ဖူးခဲ့ကြတဲ့ ဘုရားတွေဆီကို တစ်ယောက်တည်း….
အခုလို Sunday တိုင်း မှာ လျှောက်သွား နေမိတယ်….။အလွမ်းပြေပေါ့ဆိုတဲ့ အတွေးတွေနဲ့ သွားနေပေမယ့်…အမှတ်တရ အဲဒီနေရာလေးတွေကိုရောက်တိုင်း…..သူ့ကို သတိရတဲ့ အတွေးတွေက
ပိုလို့ သာ တိုးနေတော့တယ်….။

အရင်တုန်းက အချစ်ဆိုတာ ကိုယ့်ကို ပျော်ရွှင်ကြည်နူးမှုပေးတဲ့အရာလို့ ပဲ ထင်ခဲ့မိတယ်…။

ဒါပေမယ့် အခုတော့ အချစ်ဆိုတာ စိတ်ကို နာကျင်ပူလောင်စေတဲ့ အရာတစ်ခုပါလို့ ထပ်လောင်း သိခဲ့ရပါပြီ….။ဘာဖြစ်လို့လဲဆိုတော့……။

*************

သူ ပြောလိုက်တဲ့ စကားကို ကြားစက သူမနားကို သူမ မယုံရဲခဲ့ဘူး…ဒါဟာ အိပ်မက်လား…. နားကြားလွဲတာလား….သူ…နောက်ပြောင် ပြောနေတာလား….လို့ ထင်ခဲ့တယ်…။

မဟုတ်ဘူး…ဒါအိပ်မက်မဟုတ်ဘူး…. နားကြားလွဲတာလည်းမဟုတ်ဘူး… သူ…အတည်ပြောနေတာ….
သူ့ရဲ့ ပါးစပ်ကနေ….”သူ့ကို မေ့လိုက်ပါ” ဆို တဲ့ စကားကို ခပ်မာမာပြောနေတာ….။အချိန်နာရီများစွာ…. ရက်ပေါင်းများစွာ….လပေါင်းများစွာ….နဲ့တည်ဆောက်ထားတဲ့ အချစ်အိမ်လေးကို စက္ကန့်ပိုင်းမျှသာ
ကြာတဲ့ “မေ့လိုက်ပါ”ဆိုတဲ့ စကားလုံးလေး သုံးလုံးနဲ့ ရိုက်ချိုးဖျက်ဆီး ပစ်လိုက်ပြီလား…။ရိုက်ချိုး
ပစ်လိုက်လို့ ရတယ်တဲ့လား…..မောင်ရယ်….။

သူမ ဆို့နစ်ကြေကွဲစွာ…..ငိုလိုက်မိတယ်….။ခဏလေးပါပဲ….. ငါ မငို သင့် ဘူး…။သူမစိတ်ကို သူမ အနည်းငယ်ပြန်ထိမ်းလိုက်တယ်…။သူမ သိပ်ချစ်မိတဲ့ သူ့ ရဲ့ မျက်နှာကို စေ့စေ့ကြည့်လိုက်တယ်…။

“မောင် ….မောင်က မေ့လိုက်ပါလို့…ပြောပေမယ့်….နွယ်…မောင့်ကို ဘယ်လိုမေ့ရမလဲ…မောင်ရယ်….. နွယ့်နှလုံးသားထဲမှာ…..မောင်…. ရှိနေမှာ ပါ….”လို့ ပြောပြီး…သူ့ရဲ့ ရှေ့ ကနေပြေးထွက်လာခဲ့တယ်….။
ဝမ်းနဲကြေကွဲ စွာနဲ့…။

********

တော်ပြီ….မတွေးချင်တော့ဘူး…..ဒီအကြောင်းတွေကို ဆက်တွေး နိုင်စွမ်းမရှိရလောက်အောင်လည်း
နှလုံးသားဟာ နွမ်းလျလွန်းနေပြီ….။သူမ ဘ၀မှာ ကိုယ်ချစ်တဲ့ ချစ်သူက ပစ်ခွာသွားတဲ့ ခံစားချက်မျိုးကို တစ်ခါမှမခံစားဖူး ဘူး….အခုတော့ ရေရေလည်လည်ခံစားနေရပြီ….။ဘာကို မှမလုပ်ချင်တော့ဘူး…. ဘ၀အတွက်….ဘာမှလည်း လုပ်ဖို့ စိတ်မပါတော့ဘူး….။ဘာကြောင့် င့ါ ကို ပစ်ခွာသွားရတာလဲဆိုတဲ့
မေးခွန်းတွေကို နားမလည်နိုင်စွာ အဖြေရှာရင်းေ၀၀ါးခဲ့တဲ့ ညတွေ လည်း များခဲ့ပြီ…။

“အချစ်ဆိုတဲ့ အရာလေးတစ်ခု အတွက်နဲ့ ငါ့ဘ၀တစ်ခု လုံးကို အရှုံးပေး လိုက်ရတော့မှာလား….”
သူမ ကိုယ့်ကိုကိုယ် သေချာဆန်းစစ် အဖြေရှာမိလိုက်တယ်….။ အချိန်တော်တော်ကြာကြာ…..။

"မဖြစ်ဘူး….ငါ အရှုံးပေးလို့ မဖြစ်ဘူး……ငါ့ရဲ့ အနာဂတ် လေးတွေလှပအောင် ငါဖန်တီးချင်တယ်….။
ဒါဟာ…ငါ့ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်ပဲ….။အနာဂတ် လေးတွေလှပနေဖို့ ဆိုတာ…ပစ္စုပ္ပန်လေးတွေ
လှ ပနေမှဖြစ်မှာ….။ပစ္စုပ္ပန်လေးတွေ လှပနေဖို့ ဆိုတာကလည်း အခုလို စိတ်ကို လွမ်းလျနာကျင်စေမယ့်
အတွေးတွေကို လက်မခံထားမှဖြစ်မှာ….ဟုတ်ပြီ….င့ါရဲ့ အနာဂတ်လေးတွေလှပနေဖို့….
ငါကြိုးစားရမယ်….။"

အနာဂတ်လေးတွေလှပနေဖို့….အနာဂတ်လေးတွေလှပနေဖို့….။

သူမ ခုံတန်းလေးပေါ်မှာ ထိုင်နေရာကနေ ရုတ်တရက် ထလိုက် တယ်….။ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့
လေပြေလေးတွေကို တ၀ကြီး ရှုပစ်လိုက်တယ်…။

ဟော…အခုတော့လည်း လောကကြီးဟာ…လှပနေပါပေါ့လား.....။
ရေးသားသူ ထင်လင်းအောင်
ဘူတာကြီးရဲ့ ခရီးသည်တွေနားနေတဲ့ ထိုင်ခုံလေးတစ်ခုံပေါ်မှာ သူထိုင်ရင်း မလာနိုင်ပါဘူးလို့
ပြောထားတဲ့ “မ” ကို သူ့ရဲ့စိတ်က စောင့်မျှော်နေမိသေးတယ်။မ…ရယ်…မောင်တွေ့ချင်လိုက်
တာ…သူ့ရဲ့စိတ်ထဲကနေ တိုးတိုးလေး…တကယ့်ကိုတိုးတိုးလေး…၀မ်းနဲမျှော်လင့်စွာ ပြောနေ
မိတယ်...။

၁၁:30
သူစီးရမယ့် အမှတ် ၂၉ အထူးမြန်မန္တလေးသွားမည့်ရထားကြီးဆိုက်ရောက်လာပြီ။သူ အလွန်
တွေ့ချင်နေတဲ့ “မ”၊သူသိပ်ချစ်တဲ့ “မ” ကို နောက်ဆုံးမတွေ့မြင်ရတော့ဘူး...။ သူ
ရထားပေါ် ကိုတက်လိုက်တယ်။သူ့ရဲ့ ထိုင်ခုံနေရာကိုကြည့်လိုက်တော့ ပြတင်းပေါက်လေး
ဘေးနားမှာ...သူ ထိုင်နေရင်း ရထားမထွက်ခွာခင်အချိန်ထိ သူ သိပ်ချစ်တဲ့ “မ” ကို
မျှော်လင့်တကြီးစောင့် နေမိတယ်...တကယ့်ကို ရူးသွပ်စွာ...။

၁၂:၁၅
ရထားစတင်ထွက်ခွာနေပြီ..။မနေ့က “မ”နဲ့နောက်ဆုံးတွေ့ဆုံနှုတ်ဆက်ခဲ့စဉ်က “မ”ရဲ့
ပုံရိပ်တွေ...“မ”ရဲ့ နှုတ်ဆက်မျက်ဝန်းလေးတွေ...သူနဲ့ ခွဲခွာရမှာမို့ ...“မ”ရဲ့
ဝမ်းနဲမှုလေး တွေ…သူ့ရဲ့ စိတ်၊သူ့ရဲ့ အတွေးထဲမှာ ခေါက်တုံ့ခေါက်ပြန်သွားလာနေကြ
လေရဲ့။သူများတွေ အိမ်ကိုပြန်ရင် တပြုံးပြုံးနဲ့ ပျော်ရွှင်တတ်ကြနေပေမယ့်... သူက
တော့...အမှန်တကယ်ပြောရ ရင်..သူနဲ့ မတွေ့တာကြာပြီဖြစ်တဲ့ သူသိပ်ချစ်တဲ့ သူ
တန်ဖိုးထားတဲ့ အဖေ၊အမေ၊ညီလေး၊ ညီမလေးတွေကို ပြန်တွေ့ရမှာမို့ ပျော်ရွှင်မိပါတယ်။
ဒါပေမဲ့ ဒီအချိန်မှာ...“မ”ရယ်...မောင် တကယ်ဝမ်းနဲ မိပါတယ်လို့ သူ့စိတ်ထဲကနေ
ကြေကွဲစွာ ပြောနေပေမယ့် “မ”က သူပြောတာ မကြားနိုင်တော့တဲ့ ရန်ကုန်မြို့မှာ
ကျန်ခဲ့ပြီလေ...။

သူဟာ “မ” ကို အမှန်တကယ်ချစ်မြတ်နိုးမိတာပါ။“မ”ကလည်း သူ့ကို အမှန်တကယ်ချစ်မြတ်
နိုးတယ်လို့ သူ အကြွင်းမဲ့ ယုံကြည်နေမိတယ်။“မ”ရဲ့ မျက်ဝန်းလေးတွေ၊မရဲ့ အကြည့်တွေ
ဟာသူ့ကို ရိုးသားစွာချစ်နေတယ်လို့ သူခံစားမိလို့ပါ။“မ”ရဲ့ နှလုံးသားထဲက ဖြစ်ပေါ်လာတဲ့
ချစ်ခြင်းမေတ္တာဟာ “မ”ရဲ့ မျက်ဝန်းတွေထဲမှာ ဖြူစင်စွာ ပေါ်လွင်နေတယ်လေ။

တကယ်တော့ “မ”ဟာ သူ့ရဲ့ ပထမဦးဆုံးချစ်ဦးသူပါ။သူ့ရဲ့ဘ၀၊သူ...လူငယ်ဘ၀ကျင်လည်
ခဲ့တဲ့ သည်အချိန်ထိ “မ”လောက် သူ့ရဲ့အတွေးထဲမှာ…သူ့ရဲ့စိတ်ထဲမှာ စိုးမိုးနေရာယူနိုင်သူ
မရှိသေးပါဘူး။“မ” ရဲ့ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်မှု၊“မ”ရဲ့ရိုးသားမှု နဲ့ “မ”ရဲ့ချစ်
ခြင်းမေတ္တာကို ဖော်ပြနေတဲ့ မျက်ဝန်းလေးတွေဟာ သူ့ကိုအလွှမ်းမိုးဆုံးအရာတွေပါ။

“မ” နဲ့ သူနဲ့ ချစ်သူမဖြစ်ခင်တုန်းက “မ” ပြောခဲ့တဲ့ စကားတွေကို အမှတ်ရနေမိသေးတယ်။
သူက “မ”ကို ချစ်တယ်လို့ဖွင့်ပြောတော့ “မ” က သူငယချင်းလိုပဲခင်မင်ရအောင်တဲ့။
“မဖြစ်နိုင်ဘူး “မ”ရာ၊ကျွန်တော်က “မ”ကို ချစ်သူတစ်ယောက်လိုချစ်မြတ်နိုးတာလေ”
“မ” ကဆက်ပြောတယ်...
“ချစ်သူရည်းစားဆိုတာ ကြာရှည်မတည်မြဲဘူး”
“အာ...မဟုတ်သေးပါဘူးဗျာ...တစ်ယောက်နဲ့ တစ်ယောက် နားလည်စွာ သစ္စာရှိရှိ ချစ်ကြ
ရင် သက်ဆုံးထိတိုင် တည်မြဲပါတယ်”
ဒါပေမဲ့ “မ”ကတော့ တုံဏိဘာဝေ....တိတ်တဆိတ်လေးနေနေတယ်...။


မနေ့ ဆုံတွေ့တဲ့တစ်နေ့...။
“ မ ရယ်...ကျွန်တော့်ကို အဖြေပေးပါတော့၊ကျွန်တော်ပြတ်ပြတ်သားသားသိချင်တယ်...”
သူ ပြောလိုက်တယ်။
“မချစ်ဘူး ” “မ” က ပြတ်သားစွာပြောလိုက်တယ်။
သူ့ရဲ့ဘ၀၊သူ့ရဲ့လောကမှာ မကြားချင်ဆုံး စကားကို သူကြားလိုက်ရတော့ သူ့ရဲ့ပါးစပ်တွေ
ရုတ်တရက်ဆွံအသွားကြတယ်။သူ့ရဲ့စိတ်ထဲမှာ တကယ့်ကို ၀မ်းနဲ့ကြေကွဲစွာ “ငါ က မရဲ့
အချစ်ကို အရမ်းမျှော်လင့်နေတာ....အခုတော့ သွားပါပြီကွာ” ဟု ရေရွတ်မိတယ်။

ဒါပေမဲ့ “မ” ရဲ့အချစ်ကို သူရခဲ့ပါတယ်။အဲဒီနေ့က လပြည့်ကျော်တစ်ရက်နေ့၊အေးမြတဲ့
ညချမ်းလေး...သူနဲ့ ” “မ”က တံတားလေးပေါ်မှာ ကြည်လင်အေးချမ်းလှပလွန်းတဲ့
လမင်းကြီး ကိုကြည့်ရင်း...သူက သူ့ရဲ့ နှလုံးသားထဲက သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့
ခံစားချက်လေးတွေကို “မ” ကိုပြောပြနေတယ်။“မ” က သူ့ရဲ့ ခံစားချက်တွေကို
တိတ်ဆိတ်စွာ နားထောင်နေတယ်...။

လမင်းကြီးဆီက ဖြာထွက်လာတဲ့ အေးမြတဲ့ အလင်းရောင်...တံတားလေးပေါ်ကို
ဖြတ်တိုက်လာတဲ့ လေပြေလေနုလေးတွေက သူနဲ့ “မ”ရဲ့ ချစ်မေတ္တာကို
ပေါင်းစပ်ပေးမယ့် မြှားနက်မှောင်သဖွယ်....။

သူဟာ “မ”ရဲ့ လက်နွေးနွေးလေးကို မ၀ံ့မရဲ ဆုပ်ကိုင်လိုက်တယ်။
“မ...ကျွန်တော်ကို ချစ်လားဟင်”သူ ခပ်တိုးတိုးလေး မေးလိုက်တယ်။“မ” က ဘာမှ
ပြန်မပြော။တုံဏိဘောလုပ်နေပြန်တယ်။

“မ...ကျွန်တော့်ကိုချစ်လားပြောပါ။”သူက ပြောပြောဆိုဆိုနဲ့ “မ”ကို သူ့ရင်ခွင်ထဲ
ဆွဲသွင်းလိုက်တယ်။“မ” က အတင်းရုံးပြီး “မဖက်နဲ့ ”လို့ပြောတယ်။
ဒါပေမဲ့ သူက “မ”ကို မလွှတ်တော့ဘူး။
“မ...ကို ကျွန်တော့်ဘ၀ထဲကနေ ကျွန်တော့်ရင်ခွင်ထဲကနေ မလွှတ်ချင်တော့ဘူး”
“မပိုနဲ့ ”လို့ပြောတယ်။ဒါပေမယ့် “မ”ပြုံးနေတယ်။“မ” ရဲ့ အပြုံးနုနုလေးတွေကို
မြင်ရင် သူပျော်တယ်။


ငါ့တူကြီး ထမင်းစားရအောင်လား..ဘေးဘက်ခုံက ဦးကြီးကပြောမှ ထမင်းစားဖို့
သူသတိရတော့တယ်။အချိန်နာရီကိုကြည့်လိုက်တော့ ည ၇ နာရီထိုးနေပြီ။ထမင်း
စားနေစဉ်မှာ လည်း “မ” နဲ့ အတူတူထမင်းစားခဲ့တာတွေ..“မ” နဲ့ အတူတူ
လျှောက်လည်ခဲ့ကြတာ တွေဟာ သူရဲ့ အတွေးစဉ်ထဲမှာ သွားလာနေကြပြန်လေရဲ့။


“မ..ရယ် မောင် အရမ်းသတိရတာပဲကွာ”သူ့စိတ်ထဲကနေ “မ” ကို တမ်းတစွာ
ရေရွေတ်နေမိတယ်။“မ”လည်းသူ့ ကို သတိရနေပါ့မလား...“မ” ရဲ့ အတွေးထဲမှာ
သူရှိနေပါ့မလား...လို့ မေးခွန်းထုတ်နေမိပေမယ့် “မ” ရဲ့ အတွေးထဲမှာ သူ
အသေအချာရှိနေမှာပါလို့ ယုံကြည်နေမိတယ်။ဘာလို့လဲဆိုတော့...“မ” က
သူ့ ကို အရမ်း ချစ်တာကိုး။

ယခုအချိန်မှာ “မ” နဲ့ မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ အညာမြေမှာ သူရောက်ရှိနေ
ပေမယ့် “မ”ကို သူ ရဲ့ စိတ်ထဲမှာ မြင်ယောင်နေလေတော့ “မ” ဟာ သူ့ အနား
ရောက်နေသလိုပါလား လို့ ရူးသွပ်စွာ ထင်မြင်နေမိပြန်တယ်။

“မ” နဲ့ ဝေးတဲ့ သူ့ရဲ့ ညတွေရောက်တိုင်းလည်း ညီလေးနဲ့ ဂစ်တာလေးတီး၊
အလွမ်းသီချင်းတွေ ဆိုရင်း “မ” ကို လွမ်းတယ်...။


စာအုပ်စားပွဲရှေ့ရောက်တိုင်း မရေးတတ်ရေးတတ် ကဗျာလေးတွေရေးရင်း၊၀တ္ထုတိုလေး
တွေ ရေးရင်း...“မ” ကိုလွမ်းတယ်။


သူ့ရဲ့ အမေနဲ့ အဖေတို့ ကို မေတ္တာပို့ပြီးတိုင်း သူချစ်မြတ်နိုးတဲ့ “မ” ကို နှလုံး
စိတ်ဝမ်းငြိမ်းချမ်း ပါစေလို့ မေတ္တာပို့ရင်း “မ” ကိုလွမ်းတယ်။


အမှန်တကယ်ပါပဲ။သူ့ရဲ့ စိတ်ထဲမှာ အချစ်ဆိုတဲ့ အရာရှိနေသ၍ “မ” ကို သူ
ချစ်နေမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ခွင့်လွှတ်နားလည်ခြင်းရယ်၊အေးမြတဲ့
ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားတို့ ပေါင်းစပ်တည်ရှိနေသ၍ “မ” နဲ့ သူ့ရဲ့
ချစ်ခြင်းဟာ သက်ဆုံးထိတိုင်တည်ရှိနေမှာ မြေကြီးလက်ခတ်မလွဲပါဘူးလေလို့
သူယုံကြည်နေမိတယ်။တကယ့်ကို ရူးသွပ်စွာ...။
ရေးသားသူ ထင်လင်းအောင်
အမှန်တကယ်တော့ သူလိုချင်တဲ့နာရီကို ကျွန်တော်ပေးသင့်ပါသည်။ အခုတော့ သူလိုချင်တဲ့
ပစ္စည်းကို ကျွန်တော် က မပေးတော့ ပြဿနာက အကြီးအကျယ်တက်သွားပြီ။

ကျွန်တော့်ကို တစ်မျိုးထင်သွားပြီ။ကျွန်တော်ဟာ သူ့ဆီက အယူပဲရှိပြီး မပေးချင်တဲ့သူ...
ကျေးဇူးမသိတတ်တဲ့သူ တဲ့။ ကျွန်တော်ဟာ သူပြောသလို များဖြစ်သွားပြီလား...
နာရီလေးတစ်လုံးအတွက်နဲ့ သူ့ကျေးဇူးကို မသိတတ်တဲ့ သူ ဖြစ်သွားပြီလား...။

သူအဲဒီလို ထင်ချင်စရာဖြစ်အောင် ကျွန်တော်က ပြုမူခဲ့တာကိုး...။ဒါတွေအားလုံးဟာ
ကျွန်တော့် ရဲ့ မစဉ်းစား မဆင်ခြင်မိပဲ ပြောမိလိုက်တဲ့ စကားလုံးတွေကြောင့်ပါ...။

အဲသည်ညနေ့ဟာ မိုးတွေရွာပြီးခါစ ရာသီဥတုသာယာနေသော အချိန်လေးပင်ဖြစ်သည်။
နေ့လယ်တုန်းက သူနေမကောင်းဘူးဟု အဖေကပြောသဖြင့် ကျွန်တော်ရယ် ညီလေးရယ်
သူတို့အိမ်ကို သွားကြတယ်။ သူ့ဆီကို မရောက်တာလည်းကြာပြီ...ကျွန်တော်က
ကွန်ပျူတာတက္ကသိုလ်မှာ ကျောင်းတက်နေတာဆိုတော့ တစ်လမှာ တစ်ရက်နှစ်ရက်လောက်
်ပဲအိမ်ပြန်တာ...အိမ်ပြန်တဲ့ အချိန်တိုင်းလည်း သူ့ဆီကိုတော့ အမြဲရောက်ဖြစ်သည်။

သူဆိုတာက ကျွန်တော်တို့ရဲ့ အဖေကြီး။ ကျွန်တော်တို့အညာဒေသမှာတော့
ကိုယ့်မိဘတွေရဲ့ အဖေ၊ အမေ တို့ကို အဘိုး၊ အဘွားလို့ မခေါ်ပဲ အဖေကြီး၊ အမေကြီး
ဟုသာ ခေါ်ကြတယ်။ကျွန်တော်က အဖေကြီးလက်ပေါ် မှာ ကြီးလာတာဟု ပြောလို့ရသည်။
ကျွန်တော်ငယ်ငယ်လေးကတည်းက အဖေကြီးက ခေါ်ပြီးမွေးစားထားတာ ကိုး...။
အဖေကြီးတို့အိမ်မှာပဲ စားတယ်။အဖေကြီးတို့အိမ်မှာပဲ အိပ်တယ်။ ကျွန်တော် အဖေကြီးတို့
အိမ်မှာ မနေ ပဲ ပြန်ပြေးလာတာက အဖေကြီးလက်ကျိုးပြီးဆေးရုံတက်တဲ့ အချိန်။
သွေးသံရဲရဲတွေကိုမြင်တော့ ကလေးဖြစ်တဲ့ ကျွန်တော်က ကြောက်ပြီး အိမ်ပြန်ပြေးသည်တဲ့။
အမေကြီးက ခဏခဏပြောပြတယ်။

အဖေကြီးတို့အိမ်မှာသာညမအိပ်တာပါ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား
ဘ၀တွေကို အဖေကြီးတို့အိမ်ကနေပြီးတက်လာခဲ့တာပါ။အဖေကြီးတို့အိမ်နဲ့ ကျွန်တော်တို့
တက်တဲ့ကျောင်းကနီးတယ်လေ။ ကျွန်တော်တို့အိမ်နဲ့ကျအတော်လေးဝေးသွားပြီ။ အဲဒီတော့
ကျွန်တော်တို့ညီအစ်ကိုတွေက အဖေကြီးတို့ အိမ်ကနေပြီး ထမင်းစားပြီး ကျောင်းတက်
်ကြသည်။ညနေကျောင်းဆင်းမှ အိမ်ပြန်ကြတယ်။

ကျွန်တော်ငယ်ငယ်လေးတုန်းက အဖေကြီးက ကျန်းမာရေးအလွန်ကောင်းတာ။အခုတော့
အဖေကြီးအသက်က ၈၀ နားနီးနေပြီ။ အိုခြင်း၊နာခြင်း၊သေခြင်း ဆိုတဲ့ ဘေး(၃)မျိုးထဲမှ
အိုမင်းရင့်ရော်ခြင်း ကို ရင်ဆိုင်နေရသလို ရောဂါဝေဒနာများနဲ့ပါ စစ်ခင်းနေရပြီဖြစ်သည်။

အခုလည်း သူနေမကောင်းတဲ့အချိန်လေးနဲ့ ကျွန်တော်ကျောင်းကပြန်လာတဲ့ အချိန်လေး
ကြုံကြိုက်တဲ့အခါတိုင်း နှိပ်ပေးနေကြဖြစ်သည်။ အဖေကြီးတို့အိမ်ရောက်တော့ အမေကြီး
ကျွန်တော်တို့ကို လက်ဖက်သုတ်ကျွေးတယ်။ ခဏနေမှ “ နင့် အဖေကြီးကို
သွားနှိပ်ပေးလိုက်အုံး” ဟု ပြောသည်။

ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် အဖေကြီးအခန်းထဲသို့ ၀င်သွားကြသည်။
သူ့အခန်းလေးသည် အရင်တုန်းကလိုပဲ မပြောင်းလဲ။ အပေါင်ခံပစ္စည်းတွေ၊သူ့ရဲ့
စာအုပ်တွေ၊ သေတ္တာတွေရော အကုန်ထားသဖြင့် အခန်းက နဲနဲကျဉ်းနေသည်။
မီးကလည်းမလာသဖြင့် မှန်အိမ်မီးမှုန်ပျပျမှာ အဖေကြီးအိပ်နေပြီလားဟုထင်မိသည်။

“ အဖေကြီး အိပ်နေပြီလား ” ဟု ကျွန်တော်က အသံပေးလိုက်တော့ လှုပ်လှုပ်ရွရွ
ွဖြစ်လာသည်။

“ မအိပ်သေးပါဘူးကွာ ”

“ အဖေကြီး ကျွန်တော်တို့နှိပ်ပေးရမလား ”

“ အေး...နှိပ်ချင်နှိပ်ကွာ ” ဟု ပြောတော့ ကျွန်တော်က ဘယ်ဘက်ခြမ်း၊ ညီလေးက
ညာဘက်ခြမ်းကို တာဝန်ယူပြီး အဖေကြီးကို နှိပ်ပေးကြသည်။

အဖေကြီးကို နှိပ်ပေးရင်း ကျွန်တော်တို့တွေဟာ ထွေရာလေးပါစကားပြောကြသည်။
သက်ကြီးစကား သက်ငယ် ကြားဆိုတဲ့အတိုင်း အဖေကြီးပြောတာတွေကိုလည်း
ကျွန်တော်တို့ နားထောင်ကြသည်။ အဖေကြီးက သူ့ရဲ့ရှေးဟောင်းနှောင်းဖြစ်တွေကို
ပြောရတာမောပြီထင်သည်။

“ ဖိုးသား မင်းတို့ကျောင်းက မိုးညှင်းသမ္ဗုဒ္ဓေဘုရားနားမှာရှိတာနော် ”

“ ဟုတ်ကဲ့ အဖေကြီး ”

“Tourists တွေမလာဘူးလားကွ”

“လာတာပေါ့ဗျာ...မုံရွာမှာ အဓိကလည်စရာဆိုလို့ သမ္ဗုဒ္ဓေဘုရားရယ်၊ ဗောဓိတထောင်
ရယ်ပဲရှိတာဆိုတော့ တစ်နေ့တစ်နေ့ Tourists တွေတော်တော်လာကြတယ်”

“ မင်းတို့နေတဲ့ အဆောင်က ဘုရားနဲ့နီးတယ်မလား... Tourists တွေနဲ့သွားပြီး
စကားစမြည်မပြောဘူးလား...”

“ပြောတာပေါ့...အဖေကြီးရာ...အရင်တစ်ပတ်ကဆိုရင် Tourists (၃) ယောက်နဲ့
တွေ့တယ်၊ သူတို့မှာ Guide မပါဘူး…ဒါနဲ့ကျွန်တော်လည်း သူတို့နဲ့
စကားသွားပြောတယ်...သူတို့က ဟောလန်ကတဲ့ သမ္ဗုဒ္ဓေဘုရားထဲမှာ ဘာတွေရှိလဲလို့
ကျွန်တော့်ကို မေးတယ်...ဘုရားထဲဝင်ရင် (၃) ဒေါ်လာပေးမှာရကိုး...ကျွန်တော်က
ဘုရားထဲမှာ ဘုရားပေါင်း ၅၈၂၃၆၃ ဆူ ရှိကြောင်း သေချာရှင်းပြလိုက်တယ်...
ကျွန်တော်နဲ့ သူတို့ (၃) ယောက်အတူတူ ဘုရားထဲသို့သွားကြတယ်...
ကျွန်တော်က သူတို့ တွေထဲက တစ်ယောက်နဲ့ စကားလက်ဆုံကျမိတယ်...
ကျွန် တော်က သူသိချင်တာတွေကိုပြောပြတယ်...သူနဲ့ကျွန်တော်နဲ့ ဟာ
အချိန်တိုလေးအတွင်းမှာ တကယ့် သူငယ်ချင်း အရင်းတွေလို ခင်မင်မိကြတယ်..
သူက သူ့မှာ ပါတဲ့ ကင်မရာနဲ့ ကျွန်တော့်ကို ရိုက်ပေးတယ်...သူ့ရဲ့ mail address
ကိုပေးတယ်...ပြန်ခါနီးမှာ ကျွန်တော့်ကို လက်ဆောင်တစ်ခုပေးတယ်ဗျ ”

“ဘာလက်ဆောင်လဲဟ ”

အဖေကြီးက စိတ်ဝင်စားစွာမေးတယ်။

“နာရီလေးဗျ...သူတို့နိုင်ငံကထုတ်တဲ့ နာရီလေး”

“အော်...ဟုတ်လား”

“ ဖိုးသား မင်းမှာ နာရီတစ်လုံးရှိတယ်မလား...အဲဒီနာရီကို ငါ့ပေးပါလားကွ”

ကျွန်တော်ရုတ်တရက် ငြိမ်ကျသွားမိသည်။ ဘာပြောရင်ကောင်းမလဲလို့ မစဉ်းစားမိသေးခင်မှာ
ရုတ်တရက်နှုတ် က “ အဲဒီနာရီလေးကို ကျွန်တော်က အမေ့ပေးမလို့”ဟုလည်းပြော
လိုက်ရော အဖေကြီးလည်းဘာမှထပ်မပြော တော့။နောက်ထပ် ၅ မိနစ်လောက်ဆက်နှိပ်ပြီး
“တော်ပြီကွာ မင်းတို့ပြန်ကျတော့ ” ဟု ပြောသဖြင့် ကျွန်တော်တို့တွေလည်း
အိမ်ပြန်ခဲ့ကြသည်။

ဒါပေမဲ့ ကိစ္စက ဒီတွင်မပြီး။နောက်တစ်နေ့ ညနေ အဖေကြီးတို့အိမ်သွားတော့
အမေကြီးက “ နင့် အဖေကြီးက နင့်ကို စိတ်ဆိုးနေတယ်...သူ့တောင်းတဲ့နာရီမပေးလို့တဲ့...
အဲဒါ သူတောင်းတာပေးလိုက်လေ...” ဟု အမေကြီးကပြောတယ်။ သွားပြီ အဖေကြီး
ကျွန်တော့်ကို စိတ်ဆိုးသွားပြီ။ကျွန်တော်အိမ်ပြန်ပြီး နာရီလေးကို ယူ လိုက်သည်။
ကျွန်တော် အဖေကြီးလိုချင်တဲ့ နာရီကို ကျေကျေနပ်နပ်ကြီးပေးသင့်ပါသည်။
ကျွန်တော်တို့မြေးတွေ က အယူသာရှိပြီး အပေးဆိုတာမရှိသေးဘူး။ကျွန်တော်တို့လိုချင်တဲ့
ပစ္စည်းတွေကျတော့ အဖေကြီးကပေးတာ များသည်။သူလိုချင်တဲ့ ပစ္စည်းကျတော့
ကျွန်တော်တို့က မပေးချင်ဘူးဆိုရင် အတ္တကြီးမားတဲ့သူတွေဖြစ်သွား မည်။ နောက်ပြီး
ဒီအဖေကြီးက ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတရားတွေ ဘယ်မှာသွားထားမလဲ...
ဟေ့ ကောင် ဖိုးသား မင်းစဉ်းစားစမ်း...ဆပ်လို့မကုန်နိုင်တဲ့ ကျေးဇူးတွေအများကြီးပဲကွ...
တော်တော်အသုံးမကျတဲ့ ကောင်...ကျေးဇူးမသိတတ်တဲ့ကောင်ဟု ကိုယ့်ကိုယ်ကို
အပြစ်တင်ဝေဖန်မိသည်။ကဲ အခုတော့ အမှားကို အမြန်ပြင်ပြီး အဖေကြီးလိုချင်တဲ့ နာရီလေးကိုယူ...အဖေကြီးအခန်းထဲဝင်သွားလိုက်သည်။

အဖေကြီးက ကျွန်တော့်ကို မြင်သော်လည်း မသိချင်ယောင်ဆောင်နေပြီး
ရေဒီယိုနားထောင်နေသည်။ကျွန် တော်ကနာရီလေးကိုကိုင်ပြီး “ အဖေကြီးကို
သားလာကန်တော့တာပါ ” ဟုပြောပြီး နာရီလေးကို သူဘေးနားမှာ တင်ထားလိုက်သည်။
နှုတ်မှလည်း “ ကျွန်တော့်ကို ခွင့်လွှတ်ပါ အဖေကြီး ” ဟု ပြောကာ ဦးသုံးကြိမ်ချ
ရှိခိုးကန်တော့လိုက်သည်။

ခါတိုင်းခါ ကျွန်တော်ကျောင်းသွားခါနီးတိုင်း ကန်တော့ရင် ဆုတွေအများကြီးပေးတဲ့
အဖေကြီးဟာ တိတ်ဆိတ်နေသည်။

“တော်ပါပြီကွာ မင်းနာရီလည်း ငါမလိုချင်ပါဘူး၊ငါ့မှာနာရီတွေအများကြီးရှိသားပဲ ငါက
မင်းစိတ်ကို စမ်းကြည့်တာ ”

“ကျွန်တော့်ရဲ့မိုက်မဲလှတဲ့ စိတ်ကို ခွင့်လွှတ်ပါ အဖေကြီး ” ဟု ကျွန်တော်ထပ်ပြော
လိုက်သည်။ အဖေကြီးက ဘာမှပြန်မပြော။ကျွန်တော့် ကို ကျေးဇူးမသိတတ်တဲ့ကောင်လို့
အမှန်တကယ်ထင်သွားပြီလား...ဟု ကျွန်တော် အဖေကြီးကို ကြည့်လိုက်မိတော့
အဖေကြီးပြုံးနေသည်။