Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
ရေးသားသူ ထင်လင်းအောင်
ကျွန်တော် စာမရေးဖြစ်တာအတော်ကြာနေပြီ။စာအုပ်တွေလည်းမဖတ်ဖြစ်တာအတော်ကြာပြီ။
သူငယ်ချင်းတွေရဲ့ blogs တွေကိုလည်း မလည်ဖြစ်တာလည်း ကြာပြီ။ကျွန်တော် ဘာကြောင့်
စာမရေးဖြစ်တာလဲ….။ဘာလို့ စာရေးချင်စိတ်တွေကုန်ဆုံးနေတာပါလိမ့်….။တွေးကြည့်မိတော့ ဖြစ်နိုင်ခြေတွေပေါ်လာသည်။ပထမဦးဆုံးက ကျွန်တော် သင်တန်းက စာတွေနဲ့ ပိနေသည်။
Teacher က လုပ်ခိုင်းတဲ့ Assignments တွေ ကို အသည်းအသန် အချိန်မှီပြီးအောင်လုပ်
နေရသည်။online ကနေလည်း Tutorials လည်း လိုက်ဖတ်။ C# and asp.net tutorials
တွေ။practical တွေလည်း လိုက်လုပ်။ဆိုတော့…. ကျွန်တော့် စိတ်ထဲမှာ ခံစားချက်တွေကို
ပုံဖော်ရေးသားဖို့ စကားလုံးတွေ ထွက်မလာနိုင်တာလည်းဖြစ်မည်။အိမ်ရောက်တော့လည်း
စာကြည့်စားပွဲမထိုင်ဖြစ်ပဲ… လက်ဘက်ရည်ဆိုင်ဘက်ကို ခြေထောက်တွေက ဦးတည်နေ
သည်။ဆိုတော့ စာရေးတဲ့ အကျင့်တွေလည်းပျက်ကုန်ပီ။အိမ်ရောက်ရင် ဘာစာအုပ်မှ မဖတ်တာ
က များနေတော့.. စာ ဘယ်လို ရေးလို့ ရပါတော့မလဲ…။စာရေးတဲ့သူ တစ်ယောက် ဟာ စာဖတ်မှ စာကောင်းကောင်းရေးတတ်ပေမပေါ့။ဟော… အခုတော့ ကျွန်တော့် blog လေး မှာ စာရေးတာ
ပျက်ကွပ်နေပြီ။ကျွန်တော့်blog လေးကို လာလည်ကျတဲ့ သူငယ်ချင်းတွေကို လည်း အားနာလာပြီ။
ကျွန်တော့်blog လေးမှာ စာရေးနေတာကလည်း တခြားကြောင့်မဟုတ်ဘူး။ ကိုယ့်ဘ၀ရဲ့ မှတ်တမ်း
စာအုပ်လေးလို သဘောထားပြီး လုပ်ထားတာ။ဒီစာအုပ်လေးထဲမှာ ကိုယ်တွေးမိတာတွေရေးမယ်။
ပြီးတော့ ...ငါ ဘယ်အရွယ်တုန်းက ဘယ်လိုတွေးခဲ့...ရေးခဲ့လဲဆိုတာကို....နောင်တစ်ချိန်ပြန်ကြည့်
မိရင် သုံးသပ်ဆင်ခြင်နိုင်အောင်မို့ လုပ်ထားတာ။အခု...စာမရေးဖြစ်တာ ကြာနေတော့ blog လေး
မှာ ခြောက်သွေ့နေပြီ။မဖြစ်ချေဘူး…ကျွန်တော် စာရေးဖြစ်အောင်ကြိုးစားတော့မည်။
ရေးသားသူ ထင်လင်းအောင်
ဒီအာရုံလေးကို ကျွန်တော်မယူမိတာ အတော်ကြာနေပြီဖြစ်သည်။ဒီနေ့မနက်ခင်းမှာတော့
ဘယ်လိုကဘယ်လို စိတ်ကူးပေါက်သွားသည်မသိ။ခါတိုင်းခါ ဘုရားရှိခိုးပူဇော်ရင်...
ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါးကို ပါဠိရော၊ အဓိါပ္ပာယ်ပါရွတ်၊ ရွတ်ဖတ်ပူဇော်နေကျ
သုနက္ခတ္တံဂါထာတော်လေးကိုရွတ်၊ဖုဠဿဂါထာတော်လေးကိုလည်းရွတ်ဖတ်ပြီးရင်....
မေတ္တာပို့...အမျှဝေတယ်....။

ဒီနေ့မနက်ခင်းလေးမှာတော့ အာနပါနနုဿတိပွားများမိသည်။ဝင်တယ်...ထွက်တယ်...
ဝင်တယ်...ထွက်တယ်...မိမိရဲ့စိတ်ကိုနှာသီးဖျားမှာထားပြီး...၀င်လေ...ထွက်လေတို့
၏သဘောတရားကိုကြည့်နေမိသည်...၀င်လေ...ထွက်လေတို့၏သဘောတရားဆိုတာက
ပူ၊အေး၊နွေးဆိုတဲ့ တေဇောသဘောတရား...၊မာ၊ပျော့၊ကြမ်း၊ချော၊လေး၊ပေါ့ ဆိုတဲ့
ပထ၀ီသဘော...လှုပ်ရှား၊ရုန်းကန်ဆိုတဲ့ ၀ါယောသဘော... ယိုစီးဆိုတဲ့ အာပေါ
သဘောတရားတွေကို မလွတ်တမ်းကြည့်နေနိုင်ရမှာ...သိနေနိုင်ရမှာ...ဒါပေမယ့်
ဒီအာရုံတွေ... ဒီသဘာဝတရားတွေကို မလွတ်တမ်းကြည့်နေနိုင်ဖို့ဆိုတာက
သတိတရားအမြဲထားနေနိုင်မှ...ကြည့်နေနိုင်မှာ..သတိကို တရပ်စပ်မပြတ်မှတ်နေနိုင်မှ
သိနိုင်မှာ....။

ဟော..အခုတော့ ကျွန်တော်က ဒီအာရုံတွေကို ကြည့်ဖို့မေ့နေတာက အတော်ကြာနေပြီ...။
လူငယ်တစ်ယောက်ဖြစ်နေတယ်ဆိုတော့လည်း ဒီသဘာဝတရားကိုသိအောင် ကျင့်ဖို့မေ့နေတာ။
သတိတရားအမြဲမထားနိုင်တာ...။ လူငယ်ထဲကလူငယ်တစ်ယောက်ဆိုတော့...ပျော်ရွှုင်စရာ
တွေအာရုံထဲမှာ ပျော်နေမိတာဆန်းမယ်မထင်ပါဘူးလေ...။ လူ့သဘာဝ၊ လူ့စရိုက်ကိုက
မကောင်းမှုကို လုပ်မယ်ဆိုရင် အလွယ်လုပ်မိကြသည်။အချန်မရွေးလုပ်ဖို့ မနှေးတတ်ကြ။
ကောင်းမှုကုသိုလ်ကိုလုပ်ဖို့ကြတော့ နေ့ရွှေ့ညရွှေ့ လုပ်ဖို့ အထနှေးနေတတ်တဲ့
လူမျိုးတွေလေ....။

ဆိုတော့ကား ၀င်လေ...ထွက်လေကိုပဲ မလွတ်တမ်းမှတ်နေရတာမလွယ်လှ...၀င်လေ...
ထွက်လေ...မှတ်နေရင်းနဲ့..အတွေးတွေက ဖျက်ကနဲ ဖျက်ကနဲ ၀င်ဝင်လာလိုက်တာလေ...
အခုပဲကြည့်...ကျေးဇူးတင်တဲ့စိတ်ကလေး...ကျေးဇူးတင်တဲ့အတွေးလေး...ဖျက်ကနဲ
ဲဝင်လာတယ်...ခဏလေးပါပဲ...မှတ်သိစိတ်က...အတွေးတွေးမှန်းသိလိုက်တဲ့အခါ...
ငါပျံ့လွင့်သွားပြီပဲ...ဆိုပြီး သတိကိုမြင့်လိုက်သည်...၀င်လေ...ထွက်လေကို အာရုံပေါ်
ကိုပြန်တင်လိုက်သည်။ဝင်လေ၊ထွက်လေမှတ်ရင်းနဲ့ ကိုယ့်စိတ်ကို ပြန်ကြည့်လိုက်တဲ့အခါ...
စိတ်ရဲ့ ငြိမ်းချမ်းမှု၊စိတ်ရဲ့တည်ငြိမ်မှုလေးတွေကိုတွေ့ရသည်။

ဘာကိုမှမတွေးတဲ့စိတ်...အမှန်တရားကိုသိမြင်တဲ့စိတ်...စိတ်ကိုညစ်ကြေးစေတဲ့၊စိတ်ကို
ပူလောင်စေတဲ့ ကိလေသာဆိုတဲ့အရာတွေရဲ့ လွှမ်းမိုးချုပ်ချယ်မှုအောက်မှ လွတ်မြောက်နေ
တဲ့စိတ်ဟာ ဘယ်လောက်အေးချမ်းလိုက်မည်နည်း...ဘယ်လောက်လွတ်လပ်လိုက်မည်နည်း.... ဘယ်လောက်ငြိမ်းချမ်းလိုက်မည်နည်း...။
ရေးသားသူ ထင်လင်းအောင်
မနက် ၃နာရီခန့်လောက်ဟု ခန့်မှန်းရသည်။ကျွန်တော် အိပ်မက်တစ်ခု မက်သည်။ကျွန်တော့်
အိပ်မက်က အတော့်ကို ထူးဆန်းသည်။ကျွန်တော် လူမှန်းသိတတ်စ အရွယ်မှစ၍ ယခုအသက်
အသက် ၂၀ အချိန်ထိ သည်လိုအိပ်မက်မျိုးကို ကျွန်တော် မမက်ဖူးပေ။

အိပ်မက်ထဲတွင် ကျွန်တော် ဖြုန်းစားကြီးသေသွားသည်။သို့သော် ကျွန်တော့် အသုဘချခါနီးတွင်
အခေါင်းထဲသို့ ကျွန်တော်ကိုယ်တိုင်ဝင်ရသည်။

အဖေက ငါ့သား ၀င်တော့ဟုပြောသည်။ကျွန်တော်က ကြောင်ကြောင်စီစီကြီးဖြစ်နေသည်။အဖေ
က ငါ့သားကြောက်နေပြီလားတဲ့။ထိုအခါ ကျွန်တော်သည် ကျွန်တော့်စိတ်ကို တည်ငြိမ်အောင်
ထားကာ အသုဘအခေါင်းထဲသို့ ၀င်လိုက်သည်။ထို့နောက် အဖေက အခေါင်းဖုံးကို အုပ်လိုက်
သည်။ကျွန်တော်သည် အခေါင်းထဲသို့ရောက်သော် နဲနဲကြောက်သလိုခံစားရသည်။သို့သော်
ကျွန်တော့်စိတ်ထဲ အတွေးတစ်ခုဝင်လာသည်။ကျွန်တော် မျက်စိမှိတ်လိုက်သည်။ ထို့နောက်
ကျွန်တော်သည် "လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော
မြတ်စွာဘုရား" လို့ ဂုဏ်တော်ပွားလိုက်သည်။ကျွန်တော့် အသုဘအခေါင်းကြီးကို သူတို့ မသွား
ပြီဟု ထင်ရသည်။အဘယ့်ကြောင့်ဆိုသော် အသုဘအခေါင်းကြီးမှာ ရွေ့လျားလှုပ်ယိမ်းနေသော
ကြောင့်ဖြစ်သည်။ကျွန်တော်သည် ဘုရားးဂုဏ်တော်ကို ဆက်ပွားသည်။

"လောဘကင်းစင်တော်မူသောမြတ်စွာဘုရား"
သြော်- မြတ်စွာဘုရားမှာ စိတ်ကိုညစ်ကြေးစေတဲ့၊စိတ်ကို ပူလောင်စေတဲ့ လောဘဆိုတဲ့ ကိလေ
သာအညစ်အကြေးတွေ ကင်းစင်နေပါလား...။

"ဒေါသကင်းစင်တော်မူသောမြတ်စွာဘုရား"
သြော်-မြတ်စွာဘုရားမှာ စိတ်ကိုပူလောင်စေတဲ့ ဒေါသဆိုတဲ့ ကိလေသာမီးတွေ ကင်းစင်နေ
ပါလား...။

လမ်းတစ်လျှောက်တွင် အကြောက်ပြေစေရန် မြတ်စွာဘုရား၏ ဂုဏ်တော်တွေကို
ကျွန်တော် ကြည်ညိုသွားသည်။ကျွန်တော့်ကို ဘယ်သင်္ချိုင်းသို့ခေါ်ဆောင်သွားသည်မသိ။
ကျွန်တော့် အခေါင်းကလည်းအလုံပိတ်မဟုတ်။ကျွန်တော် ဘေးဘက်သို့ကြည့်ရန် အဖေက
နဲနဲလေးဟထားသည်။ထို့ကြောင့် ကျွန်တော်သည် ဘေးဘက်သို့ ကြည့်လိုက်ရာ
ဘုရားတွေကို မြင်ရသည်။ရွှေပေါ်ကျွန်းမြတ်စွာဘုရား ဆောင်းတန်းထဲတွင်ဖြစ်သည်။
ကျွန်တော်သည် ဘုရားတစ်ဆူ၏ မျက်နှာတော်ကို ဖူး၍မ၀အောင်ကြည် ညိုမိသည်။
အနန္တကျေးဇူးရှင် ဖြစ်သော ဘုရားရှင်၏ဂုဏ်တော်တွေကို အထပ်ထပ်အခါခါပွားများမိသည်။

ကျွန်တော့် အသုဘအခေါင်းကို ချလိုက်ကြသည်။လူတွေက ရိုက်ထားသောအခေါင်းအဖုံးကို
ခွာကြသည်။ထို့နောက် ကျွန်တော်မတ်တပ်ရပ်လိုက်သည်။

အဖေ...ကျွန်တော့်အနားတွင် တွေတွေကြီးရပ်နေသော အဖေ့ဆီသို့တိုးသွားကာ "အဖေ
ကျွန်တော် မသေဘူး အဖေ" လို့ပြောသောအခါ အဖေက "ငါ့သား ရာ မင်းသေပြီကွာ"
ဟုပြောသည်။

"အဖေ ကျွန်တော် ဘာရောဂါနဲ့ သေတာလဲ" လို့မေးတော့ အဖေက "မပြောပါရစေနဲ့"
ဟုပြောသည်။

အမေ...ဟိုမှာ အမေပါလား...ငါ့ကို ကျွေးမွေးပြုစုစောက်ရှောက်ခဲ့တဲ့အမေပါလား....
"အမေ"ဟု ခေါ်လိုက်မသည်။အမေ.....

"အမေ နဲ့ အဖေ ကို သား တစ်ခုပြောစရာရှိတယ်...အဖေ...သားလို မဖြစ်ပါစေနဲ့
အဖေ...သားမှာ ဘုရားရှင်ရဲ့ တရားတော်တွေအတိုင်း သား ဘ၀အတွက် စိတ်ချရ
လောက်အောင်၊ကျေနပ်ရလောက်အောင် သား ကြိုးစားအားမထုတ်ခဲ့ဘူး အဖေ...
အဖေ မသေခင် တရားအားထုတ်ပါနော်...အဖေ" အဖေသည် ကျွန်တော့်ကို
ကြည့်ကာ "အေးပါ ငါ့သားရာ" ဟုပြောသည်။

"အမေ....အမေလည်း တရားအားထုတ်ပါနော်...ပြီးတော့ ညီလေး၊ညီမလေးတွေ
ကိုလည်း တရားထိုင်ခိုင်းနော် အမေ။အမေ...သား သွားတော့်မယ်နော် အမေ...
အမေ မငိုနဲ့နော် အမေ..."

အမေသည် ကျွန်တော်ပြောလိုက်မှ ငိုမဲ့မဲ့ဖြစ်သွားသည်။ကျွန်တော့်ကို သင်္ဂြိလ်ပစ်လိုက်
်ပြီဟု ထင်ရသည်။


အဖေ၊အမေ တို့ အိမ်ပြန်ကြတော့မည်။ခါတိုင်းဆိုလျှင် အဖေတို့ အိမ်ပြန်ရင်ကျွန်တော်
က သား လိုက်ခဲ့မယ်ဗျာ ဟု ခွင့်တောင်းစရာမလို။ အခုတော့ ဘ၀ခြားသွားပြီမို့
ခွင့်တောင်းရပေတော့မည်။

"အဖေ...သား အိမ်လိုက်ခဲ့ရမလား အဖေ..."

"င့ါသားရာ မင်း သွားချင်ရာသွားပါတော့ကွာ "ဟု အဖေကပြောသည်။

"အဖေ ...သား ဘုရားထဲ တရားထိုင်လို့ရလား "ဟု ကျွန်တော်က မေးသောအခါ
အဖေက"ဒါတော့ ငါမသိဘူးကွာ။ဒါပေမယ့် အာရုံထားတာခြင်းကတော့ အတူတူပါပဲ"
ဟုပြောသည်။

ထို့နောက် အဖေတို့ အိမ်ပြန်သွားကြသည်။ကျွန်တော်သည် ဘုရားဆောင်းတန်းထဲ
လျှောက်သွားသည်။ကျွန်တော့်စိတ်ကိုလည်း မြတ်စွာဘုရား၏ဂုဏ်တော်ထဲသို့
သွင်းထားသည်။ထို့နောက် ကျွန်တော်သည်ဘုရားထဲမှထွက်လာသည်။ကျွန်တော့်
သူငယ်ချင်းအိမ်တစ်အိမ်သို့ ဖြတ်သွားသောအခါ အတော်ကြာကွဲကွာနေသော
ဗိုလ်ဖြစ်နေသော ကျွန်တော့် သူငယ်ချင်း အားတွေ့ပါသည်။သူကလည်း ကျွန်တော့်
ကိုမြင်သောအခါ "ဟေ့ယောင် လာလေကွာ၊ဘာလုပ်နေတာလဲ"ပြောကာ ကျွန်တော့်
ကို လှမ်းခေါ်သည်။

ကျွန်တော်က "သူငယ်ချင်း မင်း ငါ့သတင်းမကြားဘူးလားကွ။ငါသေသွားပြီကွ"
ဟုပြောသောအခါ သူငယ်ချင်းဖြစ်သူက ခပ်တွံ့တွံ့ဖြစ်သွားပုံရသည်။ သို့သော်
သူသည် ကျွန်တော့်ကို မုန့်ကျွေးသည်။သူတို့စကားဝိုင်းထဲသို့ ထိုင်ခွင့်ပြုသည်။
သူက ငဂျူးဆီမသွားဘူးလား ဟုမေးသည်။ကျွန်တော်က"မသွားတော့ ပါဘူးကွာ"
ဟုပြောတော့ သူက သွားလိုက်ပါတဲ့။"အေးကွာ ...ဒါဆိုလည်း ငါသွားလိုက်
အုံးမယ်"ဟု ဆိုကာ ကျွန်တော်ထွက်လာခဲ့သည်။

ကျွန်တော် အဖေကြီးတို့ အိမ်သို့ ရောက်ခါနီးတွင် အဖေတို့ နှင့်တွေ့နေပြန်သေး
သည်။ညီလေးကစက်ဘီးတွန်းလာသည်။ညီမလေးတွေက အိပ်နေကြသဖြင့် အဖေနှင့်
အမေက ချီပိုးလာကြသည်။ညီလေးက စက်ဘီးရပ်ကာ အိပ်နေသော အကြီးမ ကို
နိုးသည်။ထိုအချိန်တွင် ဘယ်က ဘယ်လိုရောက်လာမှန်းမမသိသော အမူးသမားတစ်စုက
အဖေ့ကိုရန်ရှာသည်။အများနဲ့တစ်ယောက်။ထို့နောက် သူတို့က အဖေ့ကို ၀ိုင်းချကြ
သည်။ကျွန်တော် မနေသာတော့။ကျွန်တော်ပါ အဖေ့ဘက်က ၀ိုင်းကူ၍ ၀င်လုံးတော့
သည်။ထိုအချိန်တွင် ကျွန်တော် အိပ်ရာမှ ဖျက်ကနဲလန့်နိုးလာသည်။ကျွန်တော်သည်
ကျွန်တော်မက်သော အိပ်မက်ကိုပြန်စဉ်းစားကြည့်မိသည်။

အိပ်မက်ကလည်း ဘယ်လိုအိပ်မက်ပါလိမ့်...ငါသေသွားတဲ့အိပ်မက်ကြီးပါလား...
သာမန်တွေးကြည့်ရင်တော့ နိမိတ်မကောင်းဘူး၊တရားဘက်က ကြည့်ရင်တော့
ငါ့ကို "ဟေ့ကောင် မင်းဘ၀စိတ်ချရအောင် တရားအားထုတ်တော့"ဟု
သတိပေးတာလား ကျွန်တော်တွေးမိသည်။

ကျွန်တော်သည် အိပ်မက်ထဲက အတိုင်း ယခု ဖြုန်းစားကြီးသေသွားပါက
အသက် ၂၀ လူ့လောကတွင် နေခွင့်ရခဲ့သော်လည်း လူဖြစ်ရကျိုးမနပ်သေးသော
လူသားတစ်ယောက်ဟု မိမိကိုယ်ကို မှတ်ချက်ပြုရမည်ဖြစ်သည်။အဘယ့်ကြောင့်
ဆိုသော် ကျွန်တော်သည် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော
ရုပ်၊နာမ် ဖြစ်ပျက်တို့ကို မမြင်သေး။ထိုသို့သေချာမမြင်သေးရခြင်းမှာလည်း
သဒ္ဒါ၊၀ီရိယ၊သတိ၊သမာဓိ၊ပညာ တည်းဟူသော ဗိုလ်ငါးပါးတို့ အင်အားလျော့နည်း
နေသောကြောင့်ဖြစ်မည်။အကယ်၍ ကျွန်တော်သည် ကျွန်တော့်အိပ်မက်ထဲကလို
ဖြုန်းစားကြီးသေသွားလျှင်တော့ ကျွန်တော့်ဘ၀သည် ဘယ်ဘ၀ ရောက်မည် ဆိုတာမသေချာ။မဟာဗောဓိမြိုင်ဆရာတော်ကြီးဟောကြားတော်မူသော
တရားစကားတစ်ခုကိုသတိရမိသည်။"ပမာဒဿ-မေ့လျော့နေသူအား၊
စတ္တာရောသာရော-အပါယ်လေးဘုံသည်၊သကသေရ-မိမိအိမ်ရာနှင့်တူ၏"တဲ့။
သည်တရားတော်အတိုင်းဆိုလျှင် ကျွန်တော်သည် အိပ်ရာက နိုးသောအချိန်မှ
အိပ်သောအချိန်ထိ သတိမကပ်နိုင်ပါက၊သတိမရှိပဲသေသွားပါက မိမိအိမ်ရာနှင့်
တူသော အပါယ်ဘုံတစ်ခုခုသို့ ပြန်သွားရမည်လားမသိ။ အပါယ်ဘုံသို့
ရောက်သွားပါက ကျွန်တော်အခုရရှိထားသောလူ့ဘ၀သို့ ပြန်ရောက်ဖို့ရာမလွယ်။
သည်အပါယ်ဘုံတွင် ဆင်းရဲဒုက္ခကြီးများအတော်ခံစားရမည်။စစ်ကိုင်းမဟာဂန္ဓာရုံ
ဆရာတော်ကြီး၏ ဆင်းရဲကြီးကိုမြင်က ဆင်းရဲကလေးကို ကြိတ်မှိတ်ခံ ဟူသော ဆုံးမစကားအတိုင်း ကျွန်တော်သည် ယခုဘ၀ခံစားရသော ဆင်းရဲ
ဒုက္ခကလေးများကို ကြိတ်မှိတ်ခံကာ ဆင်းရဲဒုက္ခကြီးများ တသီတတန်းကြီး ခံစားရသော
အပါယ်ဘုံသို့မရောက်အောင်ကြိုးစားရမည်။ထို့ထက်ကျွန်တော်သည် ကျေးဇူးတော်
အနန္တရှိတော်မူသော မြတ်စွာဘုရားဟောကြားတောမူသော ခန္ဓာငါးပါးတို့၏
အနိစ္စ၊ဒုက္ခ၊အနတ္တ တရားတော်တို့ကို ကိုယ်တိုင်သိမြင်အောင် ကျင့်ကြံအားထုတ်
ရပေအုံးမည်ဟု အခိုင်အမာဆုံးဖြတ်ချက်ချမိသည်။

မှတ်ချက်။ ။လွန်ခဲ့သော ၃နှစ်ခန့် ကျွန်တော်အိပ်မက်မက်ခဲ့စဉ်ကရေးသားထားခဲ့သော
ဆောင်းပါးဖြစ်သည်။
ရေးသားသူ ထင်လင်းအောင်
ကျွန်တော်တို့အညာမှာ မူလတန်းကျောင်းတွေ စာမေးပွဲပြီးရင် မိဘတွေက ကလေးတွေကို
ဘုန်းကြီးကျောင်းထားကြတယ်။ဘုန်းကြီးကျောင်းမှာ နွေရာသီကျောင်းပိတ်ရက် ဗုဒ္ဓဘာသာ
နဲ့ပတ်သက်တဲ့ အခြေခံလေးတွေကို စာသင်ကြရတယ်။ သြကာသ၊မင်္ဂလာသုတ်၊ဓမ္မစကြာ၊
ပရိတ်ကြီး(၁၁)သုတ် တို့ကို သင်ရတယ်။ကျွန်တော့်ကို အဖေက ဘုန်းကြီးကျောင်းစထား
တုန်းက ၂တန်းစာမေးပွဲဖြေပြီး အသက် ၇ နှစ်အရွယ်မှာပေါ့။သြကာသ က စသင်ရတယ်။
သြကာသဆိုတာ ခွင့်တောင်းခြင်း။ ခြေ၊လက်၊နဖူး၊တံတောင်၊ဒူး ငါးခုတည်မြေမှာ။
ဘုရားရှိခိုးနည်းတွေသင်ရတယ်။ငါးပါးသီလအကြောင်း၊သရဏဂုံ(၃)ပါးအကြောင်းတွေ
အများကြီးပါပဲ။

ကျွန်တော် စာသင်တဲ့ဘုန်းကြီးကျောင်းက အဖေ့ရဲ့ ဆရာဘုန်းကြီး။ဆိုတော့ကား ဘုန်းကြီးက
အရမ်းဂရုဆိုက်တာ။ကိုယ့်အဖေရဲ့ဆရာအရင်းဆိုပြီး ရောင့်မတတ်လိုက်နဲ့။ဘုန်းကြီးက
သူ့တူတွေကိုတောင်မျက်နှာသာပေးတာမဟုတ်ဘူး။ဘုန်းကြီးရဲ့ထန်းပက်လက်စာမိသွားမယ်။
ဘုန်းကြီးကကျောင်းသားတွေကို ရိုက်ပီဆိုရင် ကျောင်းက တိုင်လုံးကြီးကိုဖက်ခိုင်းပြီး
ထန်းပက်လက်ကြီးနဲ့ ရိုက်တာခင်ဗျ။ကျွန်တော်တို့ဆို တစ်ခါရိုက်တာမြင်ဖူးတာနဲ့
ကြောက်လိုက်တာမှ လွန်ရော။

ကျွန်တော်တို့အိမ်နဲ့ ဘုန်းကြီးကျောင်းက နီးနီလေးဆိုတော့ အာရုံဆွမ်းခံထွက်ရင်
ကိုရင်လေးတွေနဲ့အတူ ဆွမ်းခံလိုက်တယ်။ မနက်၅ နာရီကျော်ကျော်လောက်အိမ်ကနေ
ထွက်သွားပြီး ကျောင်းရောက်ရင်ဆွမ်းတန်းစီနေပြီ။ဘုန်းကြီးက ကိုရင်တွေ၊ကျောင်းသားတွေကို ရန်မဖြစ်ဖို့၊စကားမများဖို့၊စည်းကမ်းရှိရှိ ဆွမ်းခံထွက်ကြဖို့ပြောတယ်။

ကျွန်တော့်ကို ပေးတဲ့သပိတ်က ကိုရင်မဟုတ်တော့ ကြိုးမပါဘူး။လက်နဲ့ပိုက်ပြီးသယ်ရတဲ့
မြေသပိတ်ပေါ့ဗျာ။အဲ မြေသပိတ်ဆိုလို့ပြောရအုံးမယ်။ ကျွန်တော်ဆွမ်းခံလိုက်တဲ့တစ်နေ့မှာပေါ့။
ဆွမ်းတန်းက တစ်မြို့လုံး နီးပါး လှည့်ပီးပြီ။ကျောင်းကိုပြန်လာနေပြီ။ ကျောင်းကိုရောက်ခါနီး
လေးမှာသဲချောင်းရိုးတစ်ခု ကိုဖြတ်ရတယ်။အဲဒီသဲချောင်းရိုးက နွားလှည်းတွေဖြတ်ဖြတ်
သွားတော့ မညီဘူး ချိုင့်ခွက်တွေလိုဖြစ်နေတယ်။ကံဆိုးခြင်တော့ ကျွန်တော်က အဲဒီချိုင့်ခွက်
ကို ခလုပ်တိုက်တာခင်ဗျ။ လူလည်းမှောက်ရက်လဲ သပိတ်လည်းကွဲပေါ့ဗျာ။:D ကျွန်တော်မှာ
သပိတ်ကွဲကို ယောင်နနနဲ့ ကောက်မလို့ရှိသေးတယ် ကျောင်းသားကြီးတစ်ယောက်က
ကျွန်တော့်ခေါင်းကို ဒေါက်ကနဲနေအောင်ခေါက်တယ်ခင်ဗျ။ပါးစပ်ကလည်းပြောလိုက်သေးတယ်။
မင်းတော့ ဘုန်းကြီးထန်းပက်လက်စာမိတော့မယ်။ဘယ်လိုကောင်လဲ မသိဘူးတဲ့။ကျွန်တော်လည်း ထန်းပက်လက်ဆိုတာကြားလိုက်ရကတည်းက ကြောက်နေတာ။

ဒါပေမဲ့ ဘုန်းကြီးက ရိုက်ဖို့ဝေးစွ ဘာမတောင်မပြောပါဘူးဗျာ။ တော်ပါသေးရဲ့။ ဒါပေမဲ့
ကျွန်တော့်ကို ကျောင်းသားကြီးတွေက ဆွမ်းခံမခေါ်ချင်တော့ဘူးဗျ။

ကျွန်တော်တို့ကျောင်းသားတွေ ထမင်းစားကြတာလဲ ပျော်စရာကောင်းတယ်။
ဘုန်းကြီး နဲ့ ကိုရင်တွေ ဆွမ်းစာပီးပြီဆိုရင် ကျွန်တော်တို့ ကျောင်းသားတွေ အလှည့်။
ဇလုံအကြီးကြီးတစ်ခုထဲမှာ ထမင်းတွေထည့်၊ ဟင်းလေးချက်နဲ့နယ်ပြီး တစ်ဇလုံကို
ကျောင်းသား၅ယောက်ဝိုင်းပြီးစားတယ်။ဟင်းလေးချက်ဆိုတာသိတယ်မလား။ဟင်းတွေ
အကုန်လုံးပေါင်းပြီးချက်ထားတဲ့ ဟင်း။အရမ်းကောင်းတယ်။ဟင်းလေးချက်
ကောင်းမကောင်းဆိုတာလဲ ဟင်းလေးချက်ကို မီးပေးတဲ့ကျောင်းသားပေါ်မှာမူတည်တယ်။
ကျွန်တော်ကတော့ ဟင်းလေးချက်ကို အရမ်းကြိုက်တယ်။
ကျွန်တော်တို့တွေထမင်းစားရင် လုမစားရဘူး။ဘုန်းကြီးက စည်းကမ်းရှိရှိစားဖို့ပြောတယ်။
ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားတွေက ဘုန်းကြီးကို ချစ်ကြောက်ရိုသေကြတယ်။

ဘုန်းကြီးကျောင်းသားဆိုလို့ ဇာတ်လမ်းတစ်ပုဒ်အကြောင်းပြောရအုံးမယ်။
တစ်ခါက ဦးပေါ်ဦးကို ဘိုးတော်ဘုရားကမေးသတဲ့။ "ဟဲ့ ပေါ်ဦး တိုင်းပြည်မှာ ငါလို
ရှင်ဘုရင်မင်းမြတ်ကို မကြောက်တဲ့လူရှိလား "တဲ့။

" ရှိတာပေါ့ဘုရား ဘုန်းကြီးကျောင်းသားတွေဟာ သူတို့ဘုန်းကြီးကလွဲရင်
ဘယ်သူကိုမှ ကြောက်တာမဟုတ်ဘူး"အဲဒီလို ပညာရှိအမတ်ကြီးက ပြောတာကို
ဘိုးတော်ဘုရားက မယုံဘူးတဲ့။အဲဒါနဲ့ ဦးပေါ်ဦးက အရှင်ဘုရားမယုံရင် သံဃာတော်တွေကို
ဆွမ်းကပ်အလှူလုပ်ကြည့်ပါလို့ ပြောလိုက်တယ်။ဘိုးတော်ဘုရားက သံဃာတော်တွေကို ပင့်ဖိတ်ပြီးဆွမ်းကပ်တယ်။လှူဖွယ်ပစ္စည်းတွေကိုလှူတယ်။ ရေစက်ချ၊အမျှဝေပြီးတာနဲ့
အမတ်တစ်ယောက်က ဆိုင်ရာသံဃာတော်တွေရဲ့ လှူဖွယ်ပစ္စည်းတွေကို ကျောင်းသားတွေကို
လာယူဖို့ပြောလည်းပြောလိုက်ရော ဘာပြောကောင်းမလဲ ကျောင်းသားတွေက
အပြေးလာယူလိုက်ကြတာ ဘုရင်၊မင်းညီမင်းသားတွေ၊မိဘုရားတွေ ထိုင်နေမှန်းလည်းမသိဘူး။
ကျော်ခွပြီး အမြန်လာယူကြတာ။ဘိုးတော်ဘုရားကြီးမှာ ကျောင်းသားတွေ တက်မနင်းခံရအောင်
ရှောင်ရတိမ်းရနဲ့ပြာပြာသလဲဖြစ်ကုန်ရော။ အဲဒီအခါမှပဲ ဘိုးတော်ဘုရားဟာ
ဘုန်းကြီးကျောင်းသားတွေက ရှင်ဘုရင်ကိုတောင်ကြောက်တာမဟုတ်ဘူးဆိုတာ ယုံတော့တယ်။

ကျွန်တော်ကတော့ ဘုန်းကြီးကျောင်းသားခဲ့ဖြစ်ရတာကို ဂုဏ်ယူမိတယ်။ဘာလို့လဲဆိုတော့
ဒုလ္လဘတရား(၅)ပါးထဲမှာအပါဝင်ဖြစ်တဲ့ သူတော်ကောင်းတရားတွေကိုကြားနာသင်ယူခွင့်
ရလို့ပါပဲ။ကျွန်တော်တို့ဟာ ကြားရရုံတင်မကဘူး ဗုဒ္ဓဘုရားဟောကြားတဲ့ မင်္ဂလာသုတ်
တော်၊ ရတနသုတ်တော်၊မေတ္တာသုတ်တော်၊စတဲ့ပရိတ်တော်တို့ကို သင်ကြားခဲ့ရလို့ပါပဲ။
ကျွန်တော်ဆိုရင် ပရိတ်ကြီး(၉)သုတ် အလွတ်ရတယ်။အာဂုံရထားတဲ့ ပရိတ်တော်တွေကို
လည်း အဓိပ္ပါယ်ကိုပါသိအောင်လုပ်တယ်။ ကျွန်တော့်ကို ဗုဒ္ဓစာပေနဲ့ ရင်းနှင်းကျွမ်းဝင်
အောင်ပထမဦးဆုံးသင်ကြားပေးတဲ့ အဖေနဲ့ အမေတို့ကိုလည်း အရမ်းကျေးဇူးတင်
တယ်။ဆရာဘုန်းကြီးကိုလည်းဤဆောင်းပါးဖြင့် ကန်တော့လိုက်ပါတယ်။
ရေးသားသူ ထင်လင်းအောင်
ကျွန်တော်မှတ်မိနေပါသေးတယ်။ကျွန်တော်ရယ်..ညီလေးရယ်..မူလတန်းကျောင်းဆင်းပြီးအိမ်မှာ
ဆော့ကစားနေချိန်မှာအဖေပြန်လာပြီ...အဖေပြန်လာပြီဆိုရင်ကျွန်တော့်တို့တွေဟာဝမ်းသာအားရ
ဆီးကြိုကြတယ်...

အဖေက ကျောင်းဆရာ...ကျွန်တော်တို့နေတဲ့မြို့လေးကနေ(၁၀)မိုင်ကျော်ကျော်ဝေးတဲ့
တောင်ကြိုတောင်ကြား ချက်ကြိုချက်ကြားမှာရှိတဲ့ ငမြှောင်တောင်ဆိုတဲ့ ရွာလေးမှာ
မူလတန်းကျောင်းအုပ်ဆရာကြီးပေါ့...ကျောင်းအုပ်ဆရာအုပ်ကြီးဆိုပေမယ့် ဆရာအင်အားက
နည်းတော့ကျောင်းရဲ့စီမံအုပ်ချုပ်မှုကိုသာမက ကလေးတွေကို စာလည်း သင်ရတယ်...
အဲဒီငမြှောင်တောင်ရွာကို နေ့တိုင်းစက်ဘီးစီးပြီးသွားတယ်..ကျွန်တော်တို့မြို့လေးကနေ
အဲဒီရွာကိုသွားဖို့ ယာခင်းတွေဖြတ်ရတယ်...တောင်ကုန်းတွေကိုကျော်ရတယ်..သဲချောင်းရိုးတွေ
ကိုလည်း ဖြတ်သွားရတယ်...လမ်းဆို တာကလည်း လူသွားလမ်းသာသာရှိတဲ့ မြေလမ်းကလေး သာဖြစ်တယ်...တော်တော်ကြမ်းတဲ့လမ်းခရီးပါပဲ...အဲဒီလောက်ကြမ်းတမ်းပြီးခက်ခဲတဲ့လမ်းခရီးကို နေ့ချင်းပြန်ကျောင်းတက်ခဲ့တာ ၁၀နှစ်ကျော်လောက်ရှိပါတယ်...အဖေဟာဘာကြောင့်
အဲဒီလောက်ဝေးလှပြီးပင်ပန်းလှတဲ့ခရီးကို နေ့ချင်း ပြန်ကျောင်းတက်တာလဲဆိုရင်...
ကျွန်တော်တို့သားသမီးတွေကြောင့်တဲ့...

“အဖေက မင်းတို့ကိုအိမ်မှာထားခဲ့ပြီး ရွာမှာပဲနေ...စာသင်လို့ရတယ်...ဒါပေမဲ့အဖေသာ
အဲဒီလိုနေလိုရင်မင်းတို့ ဟာ ဆေးလိပ်သောက်၊အရက်သောက်၊ကျောင်းလစ်ပြီး ပျက်ဆီးချင်ပျက်
ဆီးနေမှာပဲ...အဲဒါတွေကိုတွေးမိလို့ အ ဖေက အပင်ပန်းခံပြီး အိမ်ကို နေ့ချင်းပြန်လာတာ...
ကိုယ်ဖိရင်ဖိကိုယ့်သားသမီးတွေကို ဆုံးမချင်လို့ပေါ့” ဟု အ ဖေက ကျွန်တော်တို့ကိုပြောပြတယ်...

အဖေပြောတာမှန်ပါတယ်...အဖေသာပြန်မလာပဲ ကျွန်တော်တို့နဲ့အဝေးမှာနေရင် ကျွန်တော်တို့
ညီအစ်ကိုတွေဟာ ဖြစ်ချင်တိုင်းဖြစ်နေမှာပါ...ကျွန်တော်တို့က လူပျိုပေါက်အရွယ်တွေကိုး...
ကျွန်တော်တို့ညီအစ်ကိုတွေကအဖေနဲ့ အမေဆိုရင် အဖေ့ကို ပိုပြီးကြောက်ကြတယ်လေ...

အဖေဟာ ကျွန်တော်တို့ညီအစ်ကိုတွေ အကျင့်စာရိတ္တပျက်ဆီးမှာကို အရမ်းစိုးရိမ်တယ်... သူများပစ္စည်းခိုးတာ...သူများသားသမီးကို စော်ကားတာ...အရက်သေစာ သောက်စားပြီး မူးရူးရမ်းကားနေမှာကိုတွေကိုပေါ့...အဖေ ဘာကြောင့်အဲဒီလောက်ကျွန်တော်တို့ကို စိုးရိမ် တာလည်းဆိုတော့...ကျွန်တော်တို့နေတဲ့ရပ်ကွပ်ထဲမှာ အငြိမ်းစားကျောင်းအုပ်ဆရာကြီး တစ်ယောက်ရှိတယ်...သူ့မှာသားနှစ်ယောက်ရှိတယ်...ဒီသားနှစ်ယောက်ကတစ်နေကုန်
မူးရူးပြီး သူများပစ္စည်းခိုးချင်လည်းခိုးလိုက်တာပဲ...အဲဒါတွေမြင်တော့်ကျောင်းအုပ်ဆရာကြီး
တစ်ယောက်ဖြစ်တဲ့အဖေက ကျွန်တော်တို့ကို “ မင်းတို့ကို အဲဒီလို ဘ၀မျိုးရောက်မှာကို ငါအကြောက်ဆုံးပဲ...မင်းတို့အဲဒီလိုမဖြစ်အောင် နေကြ... ကျောင်းအုပ်ဆရာကြီးတစ်
ယောက်ရဲ့ သားတွေဟာအဲဒီလိုဖြစ်သင့်သလား... မင်းတို့သေချာစဉ်းစားကြ” ဟု
ကြုံတိုင်း ဆုံးမပါတယ်...

အဖေဟာ နာလေးနာနဲ့ပြည့်စုံတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်တယ်လို့ကျွန်တော်ထင်တယ်...
အဖေက ကျောင်းသူကျောင်းသားတွေကို စာသင်ပြီဆိုရင် မတတ်တတ်အောင်သင်တယ်...
နားလည်အောင်သင်တယ်..ချော့ သင့်ရင်ချော့...ခြောက်သင့်ရင်ခြောက်...
ရိုက်သင့်ရင်ရိုက်ပြီးသင်တယ်...အဲဒီလိုသင်တာကြောင့် ကျောင်းသူကျောင်းသားတွေက
အဖေ့ကို ချစ်ကြောက်ရိုသေကြတယ်...

အဖဟာ သူတာဝန်ကျတဲ့ ကျေးရွာတွေရောက်တိုင်း အဲဒီရွာတွေက ဘုရားတွေကို
ဦးဆောင်ပြီးပြင်တယ်...ဘုရားပွဲတွေကျင်းပပေးတယ်...ပဌာန်းပွဲတွေကျင်းပပေးတယ်...
ဒါကြောင်မို့လို့ ကျောင်းသားမိဘတွေကအဖေ့ကို ယုံကြည်လေးစားအားကိုးကြတယ်...

အဲဒီရွာတွေက ဘုရားပွဲတွေရောက်ပီဆိုရင် ကျွန်တော်တို့ညီအစ်ကိုတွေအပျော်ဆုံးပေါ့ဗျာ...
ဘာလို့လဲဆိုတော့် အဖေပြန်လာရင် ဘုရားပွဲမုန့်တွေပါလာမှာကိုး... အဖေပါလာတဲ့
မုန့်တွေကကုလားပဲခွေ၊မုန့်ဆီကြော်၊ဂျုံမုန့်ကျော်၊ညာတယာမုန့်တွေပေါ့...အဲဒီမုန့်တွေက
ကျွန်တော်တို့တွေ တစ်ပတ်လောက်စားတာတောင်မကုန်ပါဘူး...ကျွန်တော်က
မုန့်သိပ်ကြိုက်တဲ့ကောင်...အထူးသဖြင့် ဒီလိုဘုရားပွဲမုန့်တွေကိုအရမ်းကြိုက်တာကိုး...
အဖေက လည်း ကျွန်တော်တို့ ကြိုက်တတ်မှန်းသိလို့ဟိုး...အဝေးကြီးကနေပြီး မုန့်တွေကို
သယ်သယ်လာတော့် ကျွန်တော်တို့ဟာ အဖေ့ကို ပိုပြီးချစ်ကြတယ်...

အဖေကျောင်းဆရာလုပ်တဲ့ ရွာတွေမှာ သရဲတစ္ဆေပူးတာတို့...ရုက္ခစိုးကိုင်တာတို့ကိုလည်း
အဖေကကုသပေးတယ်...ဒါပေမဲ့ အဖေက ဂိုဏ်းဝင်ပယောဂဆရာတော့မဟုတ်ဘူး...
မေတ္တာာ၊သမာဓိနဲ့ကုသပေးတဲ့ ဆရာသာဖြစ်တယ်...အဖေဟာ အဲဒီလို လူနာတွေကို
ကုသပေးသော်လည်း ဘာအခကြေးငွေမှမယူဘူး...အဲ တစ်ခုတော့်ရှိတယ်...အဖေ့ကို
လာပင့်ရင်တော့် ဘုရားကိုပူဇော်ဖို့ ဖယောင်းတိုင်တစ်ထုပ်ရယ်...အမွှေးတိုင်တစ်ထုပ်ရယ်
တော့ပါရမယ်...အဖေဟာ ကိုယ့်လာပင့်တဲ့ ဘယ်လူနာမဆိုကျောသားရင်သားမခွဲခြားပဲ ဆက်ဆံတယ်...ဘယ်အချိန်မဆိုလာပင့်ရင်လည်းလိုက်တယ်...

ကျွန်တော်မှတ်မိတာလေးကိုပြောပြအုံးမယ်... ကျွန်တော်တို့ငယ်ငယ်လေးက... ည
၁၀နာရီလောက်ကြီးမှာပေါ့...အဖေ့ကို အဲဒီငမြှောင်တောင်ဆိုတဲ့ ရွာကသူ့တပည့်တွေက
လာပင့်တယ်...ကျွန်တော့်အမေကတော့် အဖေ့ကိုမလိုက်စေ ချင်ဘူး...ဒါပေမဲ့အဖေက
“ငါလိုက်သွားလိုက်ပါမယ်ကွာ” ဟုဆိုကာ စက်ဘီးတစ်စီးနဲ့ထလိုက်သွား တယ်...
စဉ်းစားကြည့်ပါလားဗျာ... အဲဒီလောက် တောကြိုတောင်ကြား၊ချောင်းကြိုချောင်းကြား၊
ညကြီးမင်းကြီးမီးမရှိဘာမရှိနဲ့ မွေပါးကင်းပါးပေါတဲ့ လမ်းကို မငြင်းမဆို ချက်ချင်းကြီးလိုက်
သွားတဲ့ အဖေ့ရဲ့မေတ္တာကို ကျွန်တော်ကတော့် အရမ်းလေးစားတယ်...

အဖေဟာ အများအကျိုးဆောင်ရာမှာလည်း အလွန်ဝါသနာပါသူဖြစ်တယ်...သူ ကျောင်း
ဆရာလုပ်တဲ့ ရွာတွေရဲ့သာရေးနာရေး၊ ကျွန်တော်တို့နေတဲ့ရပ်ကွက်ရဲ့ သာရေးနာရေးမှန်
သမျှအဖေပါတယ်...

အဖေဟာ အလုပ်တစ်ခုလုပ်ရာမှာလည်း ဇွဲ အင်မတန်ကြီးသူဖြစ်တယ်...သူလုပ်ချင်တဲ့
အလုပ်တစ်ခုကို ဆုံးခမ်းတိုင်အောင်ထိလုပ်တယ်...ဘယ်လို အခက်အခဲ အတားအဆီး
တွေရှိနေပါစေ..အဖေကတော့် သူလိုချင်ရာပန်းတိုင်ကို ရောက်အောင်သွားတယ်...

အဖေ့ရဲ့ မေတ္တာ၊ စေတနာ၊ အများအကျိုးလုပ်ဆောင်မှုတွေ…ဇွဲကြီးမားမှုတွေကို ကျွန်တော်
အလွန်လေးစားမိတယ်...ဒါ... ငါ့ အဖေ ကွလို့ ဂုဏ်ယူဝင့်ကြွားမိတယ်...

အဖေပြောတဲ့ စကားလေးတစ်ခွန်းရှိသေးတယ်..." လောကမှာ သား(၃)မျိုးရှိတယ်...
အဖေ့ထက်ညံ့တဲ့သား အဖေနဲ့တန်းတူဖြစ်တဲ့သားအဖေထက်တော်တဲ့သားတဲ့...အဲဒီ (၃)
မျိုးထဲမှာ မင်းတို့ကဘယ်လိုသားမျိုးလဲ...ကိုယ့်ဘာသာစဉ်းစားကြ ... ငါကတော့
မင်းတို့ကို အဖေ့ထက်တော်တဲ့သား ဖြစ်စေချင်တာ "ဟု အဖေပြောတယ်...

ဟိုး...ဝေးဝေးမှာ နေတဲ့ အဖေရေ...အဖေ ဖြစ်စေချင်တဲ့ အဖေ့ထက်တော်တဲ့
သားတစ်ယောက်ဖြစ်အောင်လို့ သား ကြိုးစားနေပါတယ် အဖေ...
ရေးသားသူ ထင်လင်းအောင်
အတွေးတွေက စိတ်ကိုလွှမ်းမိုးတယ်တဲ့။ကျွန်တော်တို့တွေရဲ့စိတ်ကို ကြည့်ကြည့်လိုက်ရင် အမြဲတမ်း အတွေးတွေရှိနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

ကိုယ်နဲ့ပတ်သက်တဲ့လူတွေရဲ့ အကြောင်းတွေ… အလုပ်အကိုင်နဲ့ပတ်သက်တဲ့အကြောင်းတွေ…ချစ် ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ အကြောင်းတွေ…တစ်ခုမဟုတ်တစ်ခုတွေးနေမယ်ဆိုတာ ကိုယ့်စိတ်ကို ပြန်ကြည့်တတ်ရင် တွေ့ရပါလိမ့်မယ်။

တဏှာလောဘနဲ့ပတ်သက်တဲ့ အတွေးတွေ…မကျေမနပ်ဒေါသဖြစ်တဲ့ အတွေးတွေ…လူတစ်ယောက် ကို ကိုယ့်ထက်သာသွားမှာစိုးတဲ့ မနာလိုတဲ့အတွေးတွေ… ငါပညာတတ်တယ် ငါဟာ တော်တော်များများကို သိတယ်ဆိုတဲ့ မာန်မာနအတွေးတွေ… ငါ့မှာ ပစ္စည်းဥစ္စာတွေ အများကြီးပိုင်တယ် ငါ့မှာအားကိုးယုံ ကြည်ရတဲ့ သားသမီးတွေရှိတယ်ဆိုတဲ့ ငါစွဲအတွေးတွေ… ကတော့ စိတ်ကိုပူလောင်စေတဲ့ ညစ်ကြေးစေတဲ့ အတွေးတွေပဲပေါ့။

စိတ်ကို ပူလောင်စေတဲ့ အတွေးတွေ နောက်ကျူစေတဲ့အတွေးတွေ ကင်းရှင်းနေတဲ့စိတ်ဟာ ကြည်လင်ငြိမ်းချမ်း ရှင်းသန့်နေတာပါပဲ။အဲဒီလို စိတ်ကို ကြည်လင်သန့်ရှင်းစေဖို့ ကျွန်တော်တို့ဟာ စိတ်ကိုပစ္စုပ္ပန်မှာထားတတ်ရပါလိမ့်မယ်။
စိတ်ကိုပစ္စုပ္ပန်မှာ ထားပြီး ရှုပ်ထွေးနေတဲ့ အတွေးတွေကင်းလွတ်နေတဲ့စိတ်ဟာ ဘယ်လောက်ငြိမ်း ချမ်းသလဲ ဆိုတာ ကိုယ်တိုင်သတိနဲ့နေကြည့်မှ သိမြင်လာပါလိမ့်မယ်။

သတိကင်းလွတ်နေတဲ့စိတ်မှာ အစဉ်မပြတ် အတွေးတွေ စိုးမိုးနေတာပါပဲ။

စိတ်ဟာ အတွေးတွေနဲ့ အမြဲတမ်းရှိနေပါတယ်။

သာမန်လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့စိတ်မှာလည်း အတွေးတွေ ဟာ အမြဲမပြတ်စီးဆင်းနေ တာပါပဲ။ သူငယ်ချင်းတွေကို သတိရတဲ့အတွေးတွေ…အိမ်နဲ့ခွဲပြီး ရန်ကုန်မှာ လာပြီး တစ်ရောက်တည်း အလုပ်လုပ်ကိုင်နေရသဖြင့် အိမ်ကို လွမ်းတဲ့အတွေးတွေ… အလုပ်နဲ့ပတ်သက်တဲ့ အတွေးတွေ…ချစ် ခြင်းမေတ္တာဆိုတာ ဘာလိုလဲဆိုတဲ့သိချင်တဲ့အတွေးတွေဟာ စိတ်ထဲမှာ တွေးနေတာပါပဲ။
အဲဒီလို ကျွန်တော်တွေးခဲ့တဲ့ အကြောင်းတွေကို သတိတရရှိချင်လို့… ဘ၀ကို ပြန်ကြည့်မိရင် ကျွန်တော်တွေးခဲ့တဲ့ အရာတွေကို ဆင်ချင်သုံးသပ် ပညာယူချင်လို့ စီးဆင်းနေတဲ့ အတွေးများ ဆိုတဲ့ ဘလော့ဂ်လေးတစ်ခု ဖန်တီးလိုက်တာပါ။
ရေးသားသူ ထင်လင်းအောင်
ကျွန်တော်သည် အဖေ၊ အမေ ၊ ညီလေး၊ ညီမလေးတွေနဲ့ နေခဲ့တုန်းက မိသားစုဘ၀ကို
နားမလည်ခဲ့။ အခုလို တစ်ရောက်တည်း ရန်ကုန်မှာလာ ၍ အလုပ်လုပ်ကိုင်နေသောအခါမှသာ
မိသားစုဘ၀ကို လွမ်းဆွတ်မိသည်... တမ်းတ မိသည်....။

မိသားစုဘ၀လေးထဲမှာနေနေရတော့ ကျွန်တော့်အတွက် အထီးကျန်စရာ အချိန်မရှိခဲ့။ အမေရဲ့
ထမင်းဟင်းချက်လုပ်ငန်းတွေကို ကူညီပေးတယ်။ ဒါကြောင့်မို့လို့ အိမ်ရှင်မတွေရဲ့ ဘ၀ကို
နားလည်မိတယ်။ အဖေရဲ့ လုပ်ငန်းတွေကို ကူညီရသဖြင့် အိမ်ထောင်ဦးစီးရဲ့လုပ်ငန်း
တာဝန်တွေကို သိနားလည် မိတယ်။ တကယ်တော့ အိမ်ထောင်ဦးစီးဆိုတာ မိသားစုရဲ့
လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသူ ၊ မိမိရဲ့ ဇနီး ၊ သား ၊သမီး များကို ဘ၀မှာ
ဘယ်လိုနေထိုင်ရမယ်ဆိုတာ ဆုံးမသြ၀ါဒပေးသူ၊ ဦးဆောင်လမ်းပြ သူပေါ့။

အဖေဟာ ကျွန်တော်တို့ကို အရက်မသောက်ဖို့ ၊ ရန်မဖြစ်ဖို့ အမြဲတမ်း သွန်သင်ဆုံးမတယ်။
အဖေက ကျွန်တော်တို့ကို ထမင်းစားရင်တောင်မှ ပလုတ်ပလောင်းမစားဖို့၊ တပျပ်ပျပ်နဲ့
အသံမြည်အောင်မစားဖို့ အမြဲတမ်းဆုံးမတယ်။

အခုတော့ အဖေ၊ အမေတို့နဲ့ ထမင်းလက်စုံမစားရတာ ၂ လတောင် ကျော်ပေါ့။
ဟင်းကောင်းကောင်းမကောင်းကောင်း အဖေ၊ အမေ၊ ညီလေး၊ ညီမလေးတွေနဲ့
ထမင်းစားရတာဟာ ပျော်ရွှင်စရာအကောင်းဆုံးပါပဲ။ အဖေက အငန်အစပ်ချက်လေးနဲ.မှ
ထမင်းစားမြိန်တာ။ ကျွန်တော်တို့မိသားစု အားလုံး အမဲသားမစား။ အမေကတော့
ထမင်းစားရင် သိပ်မစားနိုင်ဘူး။အမေက ကျန်းမာရေး ချူချာတယ်။

ဟိုတလောကအမေနေမကောင်းဘူးလို့ ညီမလေးက စာထဲမှာပြောတယ်။အခုအချိန်မှာ
အမေ နေကောင်းရဲ့လားလို့ ကျွန်တော့် စိတ်ထဲမှာ လွမ်း ဆွတ် တမ်းတစွာမေးနေမိ
တယ်။ အမေ ကျန်းမာပါစေ လို့ စာရေးနေရင်းကနေ ကျွန်တော် စူးစူးဆိုက်ဆိုက်
မေတ္တာပို့သမိပါတယ်။

အဖေက ကျွန်တော့ကိုပေးတဲ့ စာထဲမှာ အမေက ကျွန်တော့်ကို မျှော်နေတယ်တဲ့။
ကျွန်တော်အလုပ်ရရင် ဖုန်းဆက်ပါပြောလို့ အရင်တစ်နေ့က ဖုန်းဆက်ပါတယ်။ ညီမလေးနဲ့ပဲတွေ့ရတယ်။ကျွန်တော်အလုပ်ရပြီဆိုတဲ့အကြောင်း ပြောလိုက် ပါတယ်။
ကျွန်တော်အလုပ်ရပြီဆိုတာ အမေသိရင် အမေ၀မ်းသာ နေမှာ ပါ။ အမေက
ကျွန်တော်အလုပ်ရဖို့အဓိဌာန်ပတီးတွေစိပ်တယ်လို့ အန်တီစံပယ် ကပြောတယ်။
အမေက ကျွန်တော့်ကို သားအကြီးဆုံးမို့ အလွန်ချစ်တာ။ အရမ်းအားကိုးတာ။
ကျွန်တော်ရန်ကုန်သွားဖို့ ပြင်ဆင်တဲ့ညမှာ အမေက ကျွန် တော့်ကို
" သား မိန်းမယူမယ်ဆိုရင် အမေ့မျက်နှာကို မြင်လိုက်ပါ" တဲ့ ။
သြော်အမေရယ်လို့ ကျွန်တော့်စိတ်ထဲကရော ပါးစပ်ကပါ အမေရေ...အမေရေ လို့
ခေါ်နေပေမဲ့ အမေက ကျွန်တော်နဲ့ အဝေးကြီးမှာဗျာ....။အမေကလည်း ကျွန်တော့်ကို
သားကြီးရေ...သားကြီးရေ လို့ လွမ်းဆွတ်စွာခေါ်နေမယ်ဆိုတာ ကျွန်တော်အကြွင်းမဲ့
ယုံကြည်ပြီးသားပါဗျာ။

မိသားစုဆိုတဲ့ဘ၀လေးကို ကျွန်တော် အခုအချိန်မှာအရမ်းလွမ်းဆွတ်တမ်း တနေမိပါတယ်။
ကျွန်တော်တို့ဟာ တစ်ယောက်ရဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်း လင်းပြောကြတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရဲ့စိတ်ဟာ မွမ်းကျပ်မနေ ဘူး။ လွတ်လပ်နေတယ်။
တစ်ယောက်ကျန်းမာရေး မ ကောင်းရင် ကူညီဖေးမပြုစုကြတယ်။ ညရောက်ရင် အဖေ နဲ့
အမေကို ကျွန်တော်တို့ မောင် နှမတွေက နင်းပေးနှိပ်ပေးကြတယ်။ အဲဒီလို အချိန်မှာ
အဖေက ကျွန်တော့်တို့ ကို ဘ၀သင်ခန်းစာယူစရာလေးတွေကို ပြောပြပေးတယ်။

ကျွန်တော့်မှာ ညီလေး ရယ် ညီမလေး နှစ်ယောက်ရယ် ရှိတယ်။ ညီလေးကတော့
ဈေးထဲမှာ စာအုပ်ဆိုင်ရှိတယ်။ ပိုစတာ ၊ ပြက္ခဒိန်ရောင်းတယ်။ အညာမှာနေတုံးက
သူ့လုပ်ငန်းကို ကျွန်တော်ကူညီပေးတယ်။ သူက ဒုတိယနှစ် Law ။ ညီလေးက
ဂစ်တာအတော်တီးတတ်တာ။

ညီလေးရေ အခုတော့ မင်း နဲ့ အကိုကြီးတို့ ဂစ်တာတီးပြီး သီချင်းဆိုခဲ့ကြ တာတွေကို
သတိရနေမိပါတယ်ကွာ....။ ညီလေးဟာ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ
သူငယ်ချင်းပါပဲ။ကျွန်တော့်ညီမလေးက ၁၀ တန်း။ ဒါကြောင့်မို့လို့ ရန်ကုန်မလာခင်တုံးက
ညီမလေးကို အင်္ဂလိပ်စာ၊ သင်္ချာ တို့ကို ကျွန်တော်သင်ပေးတယ်။ ညီမလေးစာကျက်နေတာ
ကို ထိုင်စောင့်ပေးတယ်။ ညီမလေးစာမေးပွဲကနီးနေပြီ။ ညီမလေးသင်ခန်းစာတွေ
ကြေညက်နေပြီလားလို့ စိုးရိမ်စွာ တွေးနေမိတယ် ညီမလေးရယ်...။

အငယ်ဆုံးညီမလေးက ဆန်းနန္ဒာ။ ဒီညီမလေးကတော့ ဥာဏ်သိပ်ကောင်း တာ။
သူငယ်တန်းပဲရှိသေးတယ်။ ညီမလေးကမုန့်တွေအရမ်း ကြိုက်တာ။ ညီမလေးရော
စာတွေ အတော်ဖတ်တတ်နေပြီလား ကျွန်တော်တွေးနေမိတယ်။ ညီလေး ညီမလေးတွေကို
ကျွန်တော်အရမ်း ချစ်တယ်။ အရမ်းသတိရတယ်။ ကျွန်တော်တို့တွေ အိမ်မှာ မုန့်တွေ
လုပ်စားပြီး ပျော်ပျော်ပါးပါး အတူတူစားခဲ့ကြ တာတွေ... အတူတူဆော့ကစားခဲ့ကြတာ
တွေ ဟာ ဘယ်တော့မှမမေ့နိုင်တဲ့ မိသားစုဘ၀လေးပါပဲ..။
ပျော်ရွှင်စရာမိသားစုကမ္ဘာလေးပါပဲ....။ လွမ်းဆွတ်တမ်းတစရာမိသားစုဘ၀လေးပါပဲ...။