Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts
ရေးသားသူ ထင်လင်းအောင်
ပုံမှန်နေ့လေးတစ်နေ့ပါပဲ....မနက်(၇)နာရီအိပ်ရာထတယ်......မျက်နှာသစ်တယ်....သွားတိုက်
တယ်.....ပြီးတော့ အိမ်မှာလုပ်စရာရှိတာတွေကိုလုပ်တယ်....အားလုံးပြီးသွားရင်....ရေချိုးတယ်....။
စာဖတ်တယ်...ခဏလေးလောက်ပေါ့။အရင်တုန်းကတော့ ရေချိုးပြီးရင်...ဘုရားရှိခိုးတယ်.....။
အခုတော့ နေ့တိုင်း မလုပ်ဖြစ်ပြန်ဘူး....။ဒါတွေဟာ....ကျွန်တော့်အတွက်တော့ မနက်ခင်းလုပ်လေ့
လုပ်ထ၇ှိတဲ့ အရာတွေပေါ့....။

ဒီနေ့လည်း ဒီအတိုင်းပဲ.....။သာမန်နေ့လေးတစ်နေ့လေးပဲလို့ထင်ထားခဲ့တာ....။မဟုတ်ဘူး....။
ဒီနေ့ဟာ ကျွန်တော့်အတွက်...သာမန်နေ့လေးတစ်နေ့မဟုတ်ဘူးဆိုတာ....ကျွန်တော်သိလိုက်ရပြီ။


*******

ကျွန်တော် အလုပ်ရှိရာနေရာကိုရောက်တော့....။
"ထွန်းထွန်း"ရေ....နင်ဆောင်းပါးပို့ထားလား......အန်တီရဲ့ ၀မ်းသာနေတဲ့မေးသံ.....။

"ဟုတ်ပို့ထားတယ်.....ဘာလို့လဲအန်တီ "ကျွန်တော်အံ့သြစွာမေးလိုက်တယ်....

အဲဒါဆိုရင် နင်ရေးတဲ့ဆောင်းပါးပါတယ်တဲ့.....Health Digest Journal မှာတဲ့....

ဟာ...ဟုတ်လား......ကျွန်တော့် လက်ကိုလေထဲမှာမြှောက်လိုက်ပြီး......ကလေးတစ်ယောက်လို
ပျော်မြူးသွားတယ်....ဟုတ်တယ်...ကျွန်တော်ကလေးတစ်ယောက်လို ပျော်နေတယ်....။
အန်တီ့ကို.....ပါးစပ်ကလည်း ပြောလိုက်တယ်..." အဖေ့ကို ဖုန်းဆက်ပြီးတော့ အဖေရေ... သားရေးတဲ့ဆောင်းပါးလေး...ဂျာနယ်ထဲမှာ...အရွေးခံရတယ်လို့......ဖုန်းဆက်ပြီးတော့
့ ကြွားရမယ်လို့"ပေါ့...ကျွန်တော့် အဖေက လည်း စာရေးဆရာတစ်ယောက်ပဲလေ....ဘာသာရေး၊
ခရီးသွားဆောင်းပါးတွေရေးတဲ့စာရေးဆရာပေါ့....။နာမည်ကြီးစာရေးဆရာတစ်ယောက်တော့
မဟုတ်ပါဘူး။ဟော....အခုတော့ ကျွန်တော် ငယ်ငယ် က မက်ခဲ့တဲ့ အိပ်မက်လေးဟာ အခုတော့
တကယ်ဖြစ်နေပီပေါ့ဗျာ....။

အခုတော့ ကျွန်တော်ရေးတဲ့ဆောင်းပါးလေးကို Health Digest Journal ထဲမှာ
ပုံနှိပ်စားလုံးတွေနဲ့ ဖော်ပြထားတာကို အရမ်းဖတ်ချင်နေပြီ....။ရန်ကုန်မိုးကလည်း
တဖွဲဖွဲကျနေဆဲ....။ကျွန်တော် ကားမှတ်တိုင်ဆီ အပြေးသွား၊ကားစီး၊သုဝဏ္ဏက
ဂျာနယ်ရောင်းတဲ့ ဆိုင်ကိုရောက်တော့ Health Digest Journal ကို အမောတကော
ကောက်ကိုင်ပြီး ကိုယ့်ရဲ့ ဆောင်းပါးလေး ကို လိုက်ရှာတယ်...။No...No...မတွေ့ရပါဘူး...
စာမျက်နှာတွေသာဆုံးသွားတယ်....ကျွန်တော် ရေးတဲ့ဆောင်းပါးကို မတွေ့ရပါဘူး...။
အရင်အပတ်ထုပ်တဲ့ Journal ထဲမှာပါတာနေမှာပါလို့ စိတ်ထဲ ဖြေသိမ့်လိုက်ပြီး....ဆိုင်ကို ပြန်လာခဲ့တယ်။

ဆိုင်ရောက်တော့....အရင်အပတ်ဂျာနယ်ဝယ်ထားတဲ့အန်တီတစ်ယောက်ဆီကို ခိုင်မျိုးကို
အကူအညီတောင်းပြီး သွားယူခိုင်းရတယ်။ဂျာနယ်လေး ကျွန်တော့်လက်ထဲရောက်တော့
ကျွန်တော်စာမျက်နှာတွေကို ရင်ခုန်စွာ အမြန်လှန်တယ်...တွေ့ပါပြီဗျာ....Health Digest Journal
အတွဲ(၆) ၊အမှတ်(၄၆) သြဂုတ်လ၂၆ရက်နေ့ထုတ် စာမျက်နှာ နံပါတ်(၄) မှာ... မြင့်မြတ်သောသွေးလှူဒါန်းခြင်း(ထင်လင်းအောင်)တဲ့....ခေါင်းစဉ်လေးကို ကျွန်တော်အပြန်ပြန် အလှန်လှန်ဖတ်....ကျွန်တော့်နာမည်ဟုတ်ရဲ့လားလို့....၁၀တန်းအောင်စာရင်းကြည့်တုန်းကလို အပြန်ပြန်အလှန်လှန်ကြည့်နေမိတယ်...။တကယ့်ကိုရူးသွပ်စွာပါ....။

ဟုတ်ပါတယ်...။ဒါ...ကျွန်တော့် နာမည်ပဲ...။မြေကြီးလက်ခတ်မလွဲ.....သေချာပါတယ်လေ...။
ကျွန်တော့်ဆောင်းပါးလေးကို ကျွန်တော်ပြုံးပြီး ဖတ်နေမိတယ်...။တစ်ခေါက်ဆုံးသွားတယ်။
နောက်တစ်ခေါက်ပြန်ဖတ်တယ်....။ ပျော်မြူးစွာ....။ဘယ်နှစ်ခေါက်ဖတ်မိမှန်းတောင်မမှတ်မိ
တော့ပါဘူးဗျာ....။ကိုယ်ရေးတဲ့ ဆောင်းပါးလေးကို ပထမဦးဆုံးပုံနှိပ်စာလုံးပေါ်မှာ မြင်ရတဲ့ ပီတိ၊
ပျော်ရွှင်မှုရဲ့ အရသာကို ကျွန်တော်အခု ခံစားမိပီပေါ့ဗျာ....။ ကျွန်တော်ရေးတဲ့ဆောင်းပါးလေးကလည်း ကြည့်ပါအုံး....ကျွန်တော်သွေးလှူစဉ်တုန်းက ရေးထားတဲ့ဆောင်းပါးလေးပါ...။ အရင်က ဒီဆောင်းပါး
လေးကို ဘလော့ပေါ်မှာတင်ဘူးပါတယ်။ဟော...အခုတော့ Health Digest Journal ကို ဖတ်တဲ့သူ
တွေဟာ ကျွန်တော့်ဆောင်းပါးလေးကို ဖတ်မိနေကြမှာပါပဲ...။ကျွန်တော့ ဆောင်းပါးလေးကို ဖတ်ရင်း
သွေးလှုချင်တဲ့ စိတ်တွေဖြစ်မိသွားရင် ကျွန်တော် ကုသိုလ်တွေရအုံးမှာပါပဲ....။ ပျော်လိုက်တာ.....ဗျာ......။ကျွန်တော့်သူငယ်ချင်းတွေကိုလည်း ကျွန်တော့် ဆောင်းပါးလေး
ဖတ်ရအောင် ပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်....။ကျွန်တော့်သူငယ်ချင်းတွေ ၀မ်းသာပီတိဖြစ်ကြမယ်လို့
ထင်ပါတယ်။

*************

မြင့်မြတ်သောသွေးလှူဒါန်းခြင်း


ကျွန်တော်တို့ကို Raven သွေးလှူရှင်များ အသင်းမှ ဒေါ်လေးသွယ် က သွေးလိုနေပါသဖြင့်
သွေးလှူမလားဟု ဖုန်းဆက်ပြောတယ်။ ကျွန်တော်ကလည်း သွေး တစ်ခါမှ မလှူဘူးသေး...
သွေးလှူချင်စိတ်လည်းရှိသဖြင့် လှူမယ် ဟု ပြောလိုက်တယ်။လိုအပ်နေတာက A သွေးရယ်
B သွေးရယ်...ကျွန်တော်က B ခိုင်မျိုးက A ကျွန်တော်တို့နှစ်ယောက်လုံး သွေးလှူရန်
Heaven Internet ဆိုင်သို့ သွားကြတယ်။အဲဒီက နေ တစ်ဆင့် သွေးလှူမည့် သူများကို
စံပြဆေးရုံကြီးသို့ ကားနဲ့ လိုက်ပို့ပေးတယ်။

ကျွန်တော်က စံပြဆေးရုံကြီးသို့ တစ်ခါမှ မရောက်ဘူးသေး။ ဆေးရုံကြီးထဲရောက်တော့
ကျွန်တော်တို့ကို သွေးပေါင်တိုင်းတယ်။ကျွန်တော်က အပေါ်သွေး ၁၂၀ အောက်သွေး ၈၀
ပထမစစ်ချက်အောင်တယ်။ဒါကြောင့် ကျွန်တော်သွေးလှူမယ့် လူနာရှင်အဒေါ်ကြီးနဲ့ အတူ
သွေးလှူဘဏ်ကို သွားတယ်။အဲဒီမှာ ကျွန်တော့်သွေးကို စစ်ချက်ယူတယ်။ကျွန်တော့်သွေးမှာ
ရောဂါရှိမရှိစစ်တာ။ကျွန်တော့်သွေးကို check လုပ်နေချိန်မှာ ကျွန်တော့မျက်လုံးများက
သွေးလှူဘဏ်ထဲမှာရေးထားတဲ့ စာတန်းတွေကို ဖတ်နေမိသည်။

သွေးလှူရှင်များသိသင့်သိထိုက်သောအချက်များတဲ့
၁။အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းဖြစ်ပြီး၊ကျန်းမာရေးကောင်းမွန်ရမည်။
၂။ကိုယ်အလေးချိန် အနည်းဆုံး (ကျား-100 lb,မ 90 lb),blood pressure
-(ကျား -120/80mmhg Hemoglobin 12.5g%, မ-110/70mmhg hemoglobin
11.5g% ရှိရမည်။
၃။အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးနို့တိုက်ချိန်၊ ဓမ္မတာလာချိန်တို့တွင် သွေးမလှူရ။
၎။လွန်ခဲ့သော (၃)နှစ်အတွင်း ငှက်ဖျားရောဂါ၊ လွန်ခဲ့သော (၁)နှစ်အတွင်း သွေးသွင်းကုသခံရ
သူ၊ခွဲစိပ်ကုသခံရသူ၊လွန်ခဲ့သော (၂၁)ရက်အတွင်း ကာကွယ်ဆေးထိုးခဲ့သူ၊ အားနည်းသူ ၊မူးဝေသူ များ၊
ဆေးမင်ကြောင်ထိုးထားသူများ သွေးမလှူသင့်ပါ။
၅။ဆုံဆို့နာ၊ခြေလက်မသန်စွမ်းသူ၊ဆီးချို၊သွေးတိုး၊နှလုံး၊HIVပိုးရှိသူ၊အရေပြားရောဂါ၊ဆီပိုး၊ဗီပိုးနှင့်
ဝက်ရူးပြန်ရောဂါ၊ကာလသားရောဂါရှိသူများ သွေးမလှူသင့်ပါ။
၆။သွေးတစ်ကြိမ်လှူပြီး ၄ လတင်းတင်းပြည့်မှသာ သွေးလှူဒါန်းသင့်သည်။

ကျွန်တော်တို့သွေးလှူရှင်များသည် ဖော်ပြပါအချက်များနှင့် ကိုက်ညီမှသာ သွေးလှူဒါန်းခွင့်
ရကြမည်။ ကျွန်တော်တို့စိတ်ကဘယ်လောက်ပင်သွေးလှူချင်နေသော်လည်း ကိုယ့်ရဲ့သွေးက
ရောဂါကင်းစင်နေအုံးမှ ဖော်ပြပါအချက်တွေနဲ့လည်းပြည့်စုံအုံးမှ မိမိရဲ့ ဒါနမြောက်မည်။
ကျွန်တော့်စိတ်ကတော့ ယခုပင်သွေးလှူဖို့ အဆင်သင့်ဖြစ်နေပါပြီ... ဒါပေမဲ့ ကျွန်တော့်ရဲ့
သွေးက သတ်မှတ်ထားသောရောဂါတွေနဲ့ ကင်းစင်နေပါ့မလား...ကျွန်တော် စိုးရိမ်စွာစောင့်
စားနေမိပါတယ်။နာရီဝက်သာသာကြာတော့ ကျွန်တောသွေးစစ်တာ အောင်ကြောင်းသိရတယ်။
ကျွန်တော်ဝမ်းသာစွာပင် သွေးလှူကုတင်လေးပေါ်မှာ လဲလျောင်းနေလိုက်တယ်။
ကျွန်တော့်ရဲ့သွေးတွေကို ပုလင်းထဲသို့ ဖောက်ထုပ်လှူဒါန်းနေစဉ်မှာ ကျွန်တော့်စိတ်ထဲမှာ
အတွေးတွေစီးဆင်းလာပါတော့တယ်။

ကျွန်တော်ဘာကြောင့်သွေးလှူဒါန်းတာလဲ...
ကျွန်တော်ဘာကြောင့်သွေးလှူဒါန်းနေတာလဲ...လို့ မေးခွန်းထုပ်နေမိတယ်။
ကျွန်တော်တို့တစ်တွေဟာ လူဖြစ်လာကတည်းက သတ္တ၀ါတွေရဲ့ အသွေးအသားများကို
စားသုံးခဲ့ကြဘူးပြီ။ဒါပေမဲ့ ကိုယ့်ရဲ့ သွေးသားတွေနဲ့ သူတို့တွေဆက်လက်ရှင်သန်ရန်အတွက်
လှူဒါန်းဘူးလား...ကျွန်တော့်အတွက်တော့ ခုချိန်ထိ ကိုယ့်ရဲ့သွေးနဲ့ ဘယ်သူ့ရဲ့အသက်ကိုမှ
မကယ်ဘူးသေး...ကိုယ့်ရဲ့သန့်စင်သောသွေးနဲ့ ရောဂါဝေဒနာခံစားနေရသော... သွေးလို
အပ်နေသောသူတွေကို မလှူဘူးသေး... ဒါကြောင့်မို့ ကျွန်တော်သွေးလှူဒါန်းဖြစ်ခဲ့ခြင်းဖြစ်
သည်။အခုလိုလှူဒါန်းခြင်းမှာလည်း ဘာဂုဏ်၊ဘာငွေကြေးမှ လိုချင်လို့ လှူတာမဟုတ်။
ကိုယ့်ရဲ့သွေးနဲ့ လူတစ်ယောက်ရဲ့ အသက်ကိုကယ်ချင်လို့ ပင်ဖြစ်တယ်။
ကိုယ့်ရဲ့ ခန္ဒာကိုယ်ထဲမှာ လည်ပတ်နေတဲ့သွေးတွေကို တစ်ပါးသူအားလှူဒါန်းခြင်းသည် မြင့်မြတ်
သော အလုပ်ဖြစ်သည်ဟု ကျွန်တော်ထင်သည်။အဲဒီလိုမြင့်မြတ်တဲ့ အလုပ်ဖြစ် တဲ့ သွေးလှူဒါန်း
ခြင်းကို သွေး လှူဒါန်းခွင့်ရသူတိုင်း သွေးလှူဒါန်းသင့်သည်ဟု ကျွန်တော်ထင်တယ်။
သွေးလှူဒါန်းခြင်းအကျိုးတွေကိုလည်းကြည့်ပါအုံး...

" ၀ိပဿနာ မြတ်ချမ်းသာ လွန်စွာပွားနိုင်သည်၊
ဘ၀စည်းစိမ် မမှေးမှိန် ဂုဏ်ရှိန်ရတတ်သည်၊
ပစ္စုပ္ပန်မှာ စိတ်ချမ်းသာ မှန်စွာရနိုင်သည်၊
မြင့်မြတ်သူများ ဤသုံးပါး ထူးခြားရနိုင်သည်။" တဲ့

ဤကဲ့သို့သွေးလှူဒါန်းခြင်းအကျိုးကြောင့် ယခုလက်ရှိအချိန်လေးမှာမိမိရဲ့စိတ်ဟာချမ်းသာနေမယ်၊
ကိုယ့်မှာရရှိ နေတဲ့ ဘ၀စည်းစိမ်ဟာလည်း ဘယ်တော့မှမှေးမှိန်ပျောက်ကွယ် သွားမှာမဟုတ်ပါဘူး၊
နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့ဒုက္ခအားလုံးလွတ်မြောက်ရာ မြတ်နိဗ္ဗာန်သို့ရောက်ကြောင်း
အကျင့်မြတ်ဖြစ်တဲ့ဝိပဿနာတရားတော်မြတ်ကို အခက်အခဲမရှိ စိတ်ချမ်းသာစွာပွားများ
နိုင်တယ်။တော်တော်အားရစရာကောင်းတဲ့ အကျိုးတွေပါပဲ...

၁၅ မိနစ်ခန့်ကြာတော့ ကျွန်တော့်ရဲ့ သွေးလှူဒါန်းခြင်းပြီးဆုံးသွားတယ်။ ဒါပေမဲ့
ချက်ခြင်းကြီးထလို့ မရသေး...ခဏလောက်လဲလျောင်းနေရအုံးမည်။ ထိုစဉ်
လူနာရှင်အဒေါ်ကြီးကကျွန်တော့် အနားသို့လာကာ

" သား နေလို့ကောင်းရဲ့လား " လို့ စိုးရိမ်စွာမေးတယ်။

" သားကို နေ့တိုင်း မေတ္တာပို့ပေးပါမယ်...ကျေးဇူးလည်းအရမ်းတင်တယ် " ဟု တကယ်ပဲ
ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီး ကျွန်တော့်ကိုပြောတယ်။

" ဟုတ်ကဲ့ခင်ဗျာ ရပါတယ်... ကျွန်တော်ကလည်း အခုလို လှူဒါန်းရတဲ့အတွက် ၀မ်းသာ
ပျော်ရွှင်မိပါတယ် " လို့ ပြောလိုက်ပါတယ်။ဒီအဒေါ်ကြီးက ဆင်းရဲတယ်။ ကျွန်တော်သွေးလှူတဲ့
လူနာရဲ့မိန်းမ။ သားသမီးကျော ထောက်နောက်ခံမရှိဘူး။ ပြေးကြည့်မှ သူတို့လင်မယား
နှစ်ယောက်ပဲရှိတယ်။ အခုဆေးဖိုးအ တွက် သူတို့အိမ်မှာမွေးထားတဲ့ မွေးထားတဲ့ ၀က်တို့
ကြက်တို့ ကို ရောင်းခဲ့ရတယ်လို့ပြော တယ်။

အခုလို ဆင်းရဲတဲ့ သူတွေကို သွေးလှူရတာ ပိုပြီးတော့တောင်ကုသိုလ်ရသေးတယ်လို့ တွေးပြီး
ကျွန်တော်ပိုပြီးဝမ်းသာမိပါတယ်။ကျွန်တော်အမှန်တကယ်ပဲ ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။
မိမိကိုယ်ကိုလည်းကျေနပ် မိတယ်။ သူတစ်ပါးရဲ့ အသက်ကို ကယ်ဆယ်ရာရောက်သော...
မိမိရဲ့စိတ်ကို ချမ်းသာပျော်ရွှင်စေသော သွေးလှူဒါန်းခြင်းကို ကျွန်တော်သွေးလှူဒါန်းခွင့်ရတဲ့
အချိန်တိုင်း ဆက်လက်လှူဒါန်းအုံးမည်ဟု အပြန်လမ်းတစ်လျှောက်တွင် ဆုံးဖြတ်ချက်ချမိပါတယ်။

သွေးလှူဒါန်းခွင့်ရသူတိုင်း ၀မ်းသာပျော်ရွှင်စွာ သွေးလှူဒါန်းနိုင်ပါစေ။
ရေးသားသူ ထင်လင်းအောင်
ဒီနေ့ ဇွန်လ(၂၉) ရက်နေ့ဟာ.... ကျွန်တော့်ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့လေးပါ....ဒါကြောင့်မို့
ကျွန်တော့် သူငယ်ချင်းတွေ ၊ကျွန်တော့် Blog လေးကို လာလည်ဖတ်ကြတဲ့ သူငယ်ချင်း၊အကို၊
အမတွေကို မွေးနေ့လက်ဆောင်ပေးလိုက်ချင်ပါတယ်....။ဘ၀အတွက် အရမ်းကောင်းမွန်တဲ့ အတွေးလက်ဆောင်လေးတွေပေါ့။သူငယ်ချင်းတွေအားလုံး ဒီစကားလုံးလေးတွေကို ဖတ်ပြီး အသက်တွေတဖြည်းဖြည်းကြီး လာတာနဲ့အမျှ အတွေးအခေါ်အသိဥာဏ်တွေ ရင့်ကျက်နိုင်ပါ
စေလို့ ဆုမွန်တောင်းလျက်.....။

ဆရာတော်ဦးဇောတိကရဲ့ ဆုံးမစကားလေးများ

၁။ငါ လူဖြစ်နေတာ လောကကို လှပတာတွေပေးဖို့ပါ။

၂။ဘ၀ဆိုတာ စွန့်စားခန်းပါ၊မစွန့်စားရင် ဘ၀မရှိဘူး...။

၃။ကိုယ့်အမှားကို အမှားပါလို့ လက်ခံပြီး ပြင်ရဲတဲ့ သတ္တိဟာ အကြီးမားဆုံး သတ္တိဖြစ်ပါတယ်။

၎။ကိုယ်ကြောက်နေတဲ့ အရာက ကိုယ့်ကို အနိုင်ယူထားတယ်။

၅။ကိုယ့် အဆင့်အတန်းကို နှိမ့်တဲ့သူဟာ ကိုယ့်ကိုယ်ကို ရက်စက်တဲ့သူပဲ။

၆။သိပြီးတော့ မလုပ်လို့ရှိရင် မသိသေးလို့ပဲ။

၇။အကောင်းဆုံးအမြင့်ဆုံး အ၇ည်အသွေးတွေကို အများဆုံးထွက်ပေါ်လာအောင် လုပ်နေရတာ
ကြိုးစားတာဟာ ဘ၀မှာ ပျော်စရာအကောင်းဆုံးပဲ။

၈။ငါ့ကို ဒုက္ခပေးတဲ့သူကို ငါ ခွင့်လွှတ်လိုက်တယ်...။
အဲဒါအကောင်းဆုံးနည်းနဲ့ လက်စားချေလိုက်တာပါ...။

၉။ကိုယ့်စိတ်ကို ကိုယ့်မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပြီဆိုရင် အဲဒီလူမှာ အင်မတန်မြင့်မားတဲ့ စိတ်ဓာတ်
ရည်သွေးတွေ ရှိလာလိမ့်မယ်။

၁၀။စိတ်ရှင်းရင် ဘ၀ရှင်းပါတယ်။အသိဥာဏ်လည်း ရှင်းပါတယ်။စိတ်မရှင်းရင် ဘ၀လည်းမရှင်းဘူး။
အသိဥာဏ်လည်းမရှင်းဘူး။ဘ၀ဆိုတာ စိတ်နဲ့ တန်သလိုဖြစ်တာပါ။

၁၁။သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားနိုင်မှသာ လူ့ဘ၀ကို အောင်အောင်မြင်မြင်နေသွား
တဲ့လူလို့ ဆိုနိုင်မယ်။

၁၂။ကိုယ့်ဟာကိုယ် အေးချမ်းအောင်နေလိုက်ခြင်းသည်ပင်လျှင် လောကကြီးကို အများကြီး အကျိုးပြုရာ
ရောက်ပြီ။

၁၃။သတိဆိုတာ အလှတရားတစ်မျိုးဖြစ်တယ်။သတိဟာ စိတ်ကို အလှဆင်ပေးတယ်။

၁၄။အလှအပကို သိမ်သိမ်မွေ့မွေ့ခံစားတတ်လာရင် ဘ၀ဟာပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ ခံစားရလိမ့်မယ်။

၁၅။စိတ်ချမ်းသာမှုရဲ့ လျှို့ဝှက်ချက်ဟာ လိုချင်စိတ်မရှိပဲ တအံ့တသြမြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်တာ
ချစ်တာပဲဖြစ်တယ်။

၁၆။တိတ်ဆိတ်နေခြင်း အေးချမ်းနေခြင်း ငြိမ်သက်နေခြင်းဟာ လှပခြင်းရဲ့ အနှစ်သာရတစ်ခုဖြစ်ပါတယ်။

၁၇။အမှန်တရားဟာ လှပတယ်။အမှန်တရားကို ကိုးကွယ်တယ်လို့ ဆိုရင် အလှအပကို ကိုးကွယ်တယ်လို့
ဆိုရမယ်။

၁၈။အမှန်တရားနဲ့ အလှအပကို မြတ်မြတ်နိုးနိုး ငါရှာဖွေနေတယ်။


၁၉။ဒုက္ခကနေလွတ်ချင်ရင်တော့ လွတ်အောင်လုပ်ပေးနိုင်တဲ့ အသိဥာဏ်ကို ရမှဖြစ်မယ်။


၂၀။ချီးမွှမ်းတယ်၊ကဲ့ရဲ့တယ်ဆိုတာ သူတစ်ပါးစိတ်ထဲမှာ ခဏလေးဖြစ်သွားတဲ့ အတွေးလေးတစ်ခုပါ။


၂၁။သူတစ်ပါးအတွက် လောကကို လှပအောင် လုပ်ပေးနိုင်သလောက် သင့်လောကလည်း အစဉ်အမြဲ လှပပါစေ။


ဒီစကားလေးတွေကတော့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ တရားစကားလေးတွေပါ။

၂၂။သံသရာတစ်လျှောက် ကိလေသာတိုးပွားကြောင်း ဘေးပေါင်းခတဲ့မျက်ရည်တွေပဲ အကျများခဲ့ပါတယ်၊
သောကတစ်မျိုးတစ်မျိုးကြောင့် ကျခဲ့ရတဲ့မကျရည်တွေကိုက သမုဒ္ဒရာလေးဆင်းမကတော့ပါဘူး။
ကိလေသာငြိမ်းအေးကြောင်း ဆေးပေါင်းခတဲ့မျက်ရည် ဘယ်နှစက်များကျခဲ့ဘူးပါသလဲ။

၂၃။ရွှံ့နွံကြားမှာ ပေါက်ဖွားပေမယ့် ရွှံ့နွံနဲ့ မလိမ်းကျံ၊မကပ်ငြိတဲ့ ကြာကို သူတော်ကောင်းတိုင်း
အတုယူသင့်ပါတယ်။လောကဓံရွှံ့နွံတွေ၊ကာမဂုဏ်ရွှံ့နွံတွေ ကိလေသာရွှံ့နွံတွေကြားမှာ
ပေါက်ဖွားကြီးပြင်းလာပေမယ့် အဲဒီရွှံ့နွံတွေနဲ့ မလိမ်းကျံမကပ်ငြိတဲ့ ပုဂ္ဂိုလ်ဟာ သန့်စင်မွန်မြတ်တဲ့
ကြာလိုလူအစစ်ပါပဲ။

၂၄။မသိတဲ့သူရဲ့ အမှားကို သိတဲ့သူက သည်းခံခွင့်လွှတ်ရပါမယ်။မသိလို့ မှားတာကို
သည်းခံခွင့်လွှတ်နိုင်စွမ်းမရှိဘူးဆိုရင် ကိုယ်လည်း မသိတဲ့သူ စာရင်းထဲဝင်သွားပါလိ့မ်မယ်။
ရေးသားသူ ထင်လင်းအောင်
ကျွန်တော့်ဘလော့ဂ်လင့်လေးပြောင်းလိုက်ပြီဗျာ...
နောက်ဆို သူငယ်ချင်းတို့ ကျွန်တော့်ဆီ လာလည်ချင်ရင်....
http://www.htinlinnaung.co.cc မဟုတ်တော့ဘူးနော်..
http://htinlinnaung.myanmarbloggers.info
ဆိုပြီးလာခဲ့ပါတော့။အသေအချာ ကျွန်တော်ရှိနေမယ်။
ရေးသားသူ ထင်လင်းအောင်
ရေတွေပက်နေကြပြီလေ....ဒီနေ့သင်္ကြန်အကြိုနေ့ကိုးဗျ...ကျွန်တော်ကတော့ ရေလည်းမပက်
နိုင်ပါဘူး။မနက်ခင်းအစောကြီးအိပ်ရာထပြီးတော့... ဘုရားကိုသွားပြီး အောင်သပြေခက်တွေနဲ့
နှစ်သစ်မှာ ကုသိုလ်ယူလိုက်တယ်ဗျာ။ဘုရားကို ပူဇော်လိုက်တယ်။စိတ်ထဲမှာတော့ နှစ်သစ်
အကြိုမှာ စိတ်တွေပျိုသွားသလိုပါပဲ။ရေကတော့ပက်လည်းပက်ချင်စိတ်မရှိဘူး။ဒါပေမယ့်
အိမ်မှာတစ်ယောက်တည်း နေနေရတာတော့ ပျင်းတယ်ဗျာ...။ဘေးနားက အိမ်က
သူငယ်ချင်းတစ်ယောက်နဲ့ တော်ကီပွားပြီး...tea shop ကိုဒိုးတယ်။.tea shop ဆိုင်
မှာ ဆက်ပြီးတော်ကီပွားတယ်။လူကို ကချင်စိတ်အတော်ပေါက်တဲ့ သီချင်းတွေကို ဆိုင်က
ဖွင့်နေတယ်။စိတ်ကိုအတော်တင်းထားရတယ်။စိတ်ထဲကတော့ ပြောနေတယ်...ကချင်လိုက်တာ
လို့...:D ။ရပ်ကွပ်တွင်းက ကလေးတွေရေပက်တာကို ကြည့်နေလိုက်ပြီး ကိုယ်ငယ်ငယ်က
ရေကစားခဲ့၊ရေပက်ခဲ့တာကို သတိရမိပြန်တယ်။tea shop မှာ ၁ နာရီသာသာလောက်ထိုင်
ပြီးတော့ အိမ်ပေါ်တက်ပြီး တစ်ရေးတစ်မောအိပ်လိုက်တယ်။နိုးတော့ ၁၂ နာရီထိုးနေပြီ။ကဲ...
ဒီအချိန်တော့ ရေမပက်လောက်တော့ပါဘူးလို့ အောက်မေ့ပြီးဆိုင်ကို ထွက်လာခဲ့တယ်။
ကိုယ်လုပ်တဲ့ အင်တာနက်ဆိုင်မှာလည်း ကိုယ်တစ်ယောက်တည်း။အဖော်တစ်ယောက်က
မလာဘူး။ဆိုတော့ ဒီနေ့ဘာလုပ်ရကောင်းမလဲစဉ်းစားရင်း btemplates
မှာ template တွေရှာကြည့်မိတယ်။ကိုယ်ကြိုက်တဲ့ ပုံစံကို ရှာရတာမလွယ်ပါဘူး။အချိန်၁
နာရီလောက်ပေးရလိုက်ရတယ်။တွေ့တော့ template change ကြည့်မိတယ်။ပြင်ပြီးတော့
အချိန်က ၅ နာရီထိုးနေပြီ။ကိုယ်ပြင်လိုက်တဲ့ ပုံစံလေးကို ကြည့်ပြီး မောတာတွေတောင် ဘယ်ရောက်သွားမှန်းမသိပါဘူး။ပျော်လိုက်တာ....။သူငယ်ချင်းတို့လည်း ကျွန်တော့်
template လေးကို သဘောကျကြရဲ့လားမသိဘူး။ကျွန်တော်ကတော့ ရန်ကုန်သင်္ကြန်
အကြိုနေ့မှာ အပြင်ဘက်က နတ်ဒိုးတွေကို နားထောင်ပြီး ပြောင်းလိုက်တာဗျိုး။
ရေးသားသူ ထင်လင်းအောင်
ကျွန်တော်ရန်ကုန်ရောက်ခါစ ၂လ၃လလောက်က ဒိုင်ယာရီရေးဖြစ်ခဲ့ပါတယ်။ကျွန်တော်ရေးခဲ့တဲ့
ဒိုင်ယာရီစာမျက်နှာတွေထဲက စာမျက်နှာတစ်ချို့ကို သူငယ်ချင်းတွေဖတ်ရအောင် တင်ပေး
ပါမယ်...။


ကြီးကြီးတို့အိမ်ဝယ်....


ကျွန်တော်ရန်ကုန်ရောက်တာ အခုဆို ၁လနဲ့ ၄ရက်ရှိသွားပြီ။အခုထိ အလုပ်ရဖို့ဘာမှမသေ
ချာသေး။အလုပ်တစ်ခုရဖို့၊ရာထူးတစ်နေရာရဖို့က အတော့်ကိုမလွယ်။မလွယ်တာက ကိစ္စမရှိ
ဘူး။ကျွန်တော့်မှာ money က သိပ်မရှိတော့။တွက်စစ်ကြည့်လိုက်တော့ ၂၀၀၀ကျော်
သာကျန်တော့သည်။ကျွန်တော်အိမ်ကပါလာတာက ငါးသောင်းခွဲ၊ဒီမှာရတဲ့ဝင်ငွေက ၅၀၀၀
လောက်ပဲရှိတာ။

အလုပ်ရဖို့ကြိုးစားလိုက်ရတာ အခုဆို ၁လကျော်တောင်ရှိသွားပြီ။ဘာမှမရေရာသေးပါလား။
ကျွန်တော်စိတ်ဓာတ်တွေကျစပြုလာပြီ။ဘ၀ဟာ ငိုချင်စရာအတော်ကောင်းနေပြီ။


စနေနေ့က အမေ့အမကြီး ကြီးကြီးရှိရာ ရွှေပြည်သာကိုသွားတယ်။လိပ်စာကတော့ရှိတယ်။
ဘယ်မှတ်တိုင်မှာဆင်းရမှန်းမသိ။ရပ်ကွက်က၁၂ရက်ကွက်။ကားသမားတွေကို မေးကြည့်လိုက်
တော့ ဂိတ်ဆုံးမှာဆင်းတဲ့။ဂိတ်ေ၇ာက်တော့ ၁၂ ရက်ကွက်ကိုဘယ်လိုသွား၇မလဲစုံစမ်းကြည့်
ရာ...၁၂ရက်ကွက်ဟာ အဝေးကြီးမှာကျန်ခဲ့ပြီ။ဘယ်လိုဆက်သွားရမှန်းလဲမသိ။နောက်ဆုံး
ဖုန်းဆက်ကြည့်မှ ဖုန်းဆိုင်က အမကြီးက ထန်းချောက်ပင်မှတ်တိုင်မှာဆင်း အဲဒီကနေ
ရွှေယုံမှတ်တိုင်ကိုဆက်သွားလို့ပြောတယ်။သူပြောတဲ့အတိုင်းသွားတယ်။ကြီးကြီးတို့အိမ်ကိုတော့
သိပ်မရှာလိုက်ရပါဘူး။ကြီးကြီးရယ် ညီတစ်ဝမ်းကွဲ မာန်ဇာကျော်ကိုတွေ့ရတယ်။ ကျွန်တော်
ပျော်သွားတယ်။အဖေ၊အမေတို့နဲ့ ခွဲခွာလာလိုက်တာ ၁လကျော်ရှိသွားပြီ။ဆွေမျိုးအရင်းအချာ
တွေနဲ့ တွေ့လိုက်ရတော့ အလွမ်းနဲနဲပြေသလိုခံစားရတယ်။

ကြီးကြီးက "အိမွန်ဖုန်းဆက်တယ်၊နင်ရန်ကုန်ရောက်တာ ၁လကျော်ပြီဆို၊အိမ်ကိုလည်းဖုန်းလည်း
မဆက်ဘူးတဲ့၊အိမ်က အလုပ်ရလား၊မရလားစိတ်ပူနေကြတယ်"ဟု ဆီးပြောသည်။

ကြီးကြီးပြောတာကို ကျွန်တော်ကြားတော့ သြော်...ငါ့ညီမလေးဟာ ငါ့ကို အတော်စိတ်ပူလို့
ဖုန်းဆက်တာပဲ၊ညီမလေးဟာလေ ၁၀တန်းအောင်ဖို့စာတွေကျက်နေရတာ အကိုကြီးကို
သိပ်သတိရလို့ဖုန်းဆက်တာပဲဟုတွေးမိပြီး မျက်ရည်ကျမိသည်။ညီမလေးရေ...အစ်ကိုကြီး
လည်း ညီမလေးတို့နဲ့တွေ့ပြီး စကားတွေအများကြီးပြောချင်ပါတယ်။အကို့ဘ၀ရဲ့ ခါးသီး
မှုတွေ၊အခက်အခဲတွေကို ညီမလေးတို့သိနားလည်အောင် အကိုကြီးပြောပြချင်ပါတယ်ကွာ။
ဒါပေမယ့် ညီမလေးရေ...အကို့ရဲ့ဘ၀က အခုဆိုရင် ညီမလေးတို့ဆီ ဖုန်းဆက်ဖို့ money
တောင်သိပ်မကျန်တော့ပါဘူး။ရန်ကုန်မှာ ကိုယ်အင်မတန်ခင်တွယ်တဲ့ သံယောဇဉ်ရှိတဲ့
အဖေ၊အမေ၊ညီလေး၊ညီမလေးတွေကို ခွဲခွာပြီး တစ်ယောက်တည်း နေနေရတဲ့ ဘ၀ဟာ
အင်မတန်အထီးကျန်တာပဲကွာ။

ကြီးကြီးတို့ကလည်း သူတို့အပူနဲ့သူတို့။လောကကြီးမှာရှိတဲ့ ပုထုဇဉ်လူသားတိုင်းဟာ
သူတို့အပူနဲ့ သူတို့ရှိကြတာပဲလို့ ကျွန်တော်တွေးမိတယ်။ဒါကြောင့်မို့လည်း ကျွန်တော့်
အပူမီးတွေကို ကြီးကြီးတို့ဆီမကူးစေချင်။


ကြီးကြီးကတော့ မေးရှာပါတယ်။အလုပ်ရဖို့သေချာလား။ပိုက်ဆံကဘယ်လောက်ပါလဲ။
ကျေးဇူးပါပဲဗျာ။ကြီးကြီးဟာ ကျွန်တော့်ဘ၀ကိုနားလည်ပေးလို့။ကြီးကြီးတို့အိမ်မှာ ထမင်း
စားကောင်းတယ်။ကျွန်တော်လည်း အခုလိုဆွေမျိုးတွေနဲ့ ထမင်းမစားရတာကြာပြီကိုး။
“ကြီးကြီးရယ် ထမင်းကလည်း စားကောင်းလိုက်တာဗျာ...”လို့ ကျွန်တော်က ပြောတော့
ကြီးကြီးက ကျွန်တော့် ကို သနားသွားပုံရတယ်။ကြီးကြီးတို့အိမ်မှာတစ်ပတ်တစ်ခါလာစားလေ
ဟုပြောတယ်။ကျွန်တော်လည်း ကြီးကြီးတို့အိမ်မှာ လာစားချင်ပါတယ်။ဒါပေမယ့် ကျွန်တော့်
ဘ၀က ဘာမှမသေချာသေး။ကြီးကြီးတို့အိမ်မှာ ၁ညအိပ်တယ်။တနင်္ဂနွေနေ့၊နေ့လည်စာ
ထမင်းစားပြီးတော့ ကျွန်တော်မြို့ထဲပြန်ဖို့ပြင်တယ်။ကျွန်တော့်ကို ကားဂိတ်ထိလိုက်ပို့တယ်။
ကားဂိတ်ရောက်တော့ ပိုက်ဆံဘယ်လောက်ကျန်သေးလဲလို့မေးတယ်။

အဲဒီအချိန်မှာ ကျွန်တော့်ရင်ထဲဆို့နေတယ်။ပိုက်ဆံ၂ထောင်လောက်ပဲကျန်တော့်တယ်ကြီးကြီး
ရယ်လို့ပြောတော့ ကြီးကြီးက သူပါလာတဲ့ပိုက်ဆံကိုတွက်တယ်။သူ့မှာလည်း ပိုက်ဆံသိပ်ပါ
မလာဘူး။တစ်ထောင်ပဲယူထားတဲ့။ကျွန်တော်ကြီးကြီးတို့ဘ၀ကိုနားလည်ပါတယ်။ဒါကြောင့်
မို့လည်း ပိုက်ဆံနဲ့ပတ်သက်ပြီး အကူအညီမတောင်းချင်။ဒါပေမယ့် ကြီးကြီးကတော့ နောက်
တစ်ပတ် လာခဲ့လေ။အဲဒီအခါကျရင် ပိုက်ဆံရမှာပါ။ငပိကျော်လေးလည်း လုပ်ထားလိုက်မယ်
လေ ဟုပြောတယ်။

ကျေးဇူးပါပဲကြီးကြီးရာ။အခုချိန်မှာ ကျွန်တော့်အတွက် ဒီပိုက်ဆံလေးဟာ အများကြီးပါပဲ။အဆင်
မပြေရင် နောက်တစ်ပတ်လာခဲ့ရမှာပဲ။အားကိုးစရာဆိုလို့ ကြီးကြီးတို့ပဲရှိတာမလား။

ကျွန်တော်ဒီနေ့ရုံးမသွားပဲ ဘ၀အတွေးတွေကိုရေးနေတာ။အင်မတန်ခါးသီးခက်ခဲလွန်းလို့ပါ။
ကျွန်တော်ရန်ကုန်ရောက်ကတည်းက ရုံးသွားနေတာ တစ်လကျော်သွားပြီ။အခုထိ result က
ကောင်းကောင်းမရသေးပေ။ရုံးသွားပြီး စာရိုက် ၊ကူညီလုပ် အပြန်ကျတော့ မိုးစုပ်စုပ်ချုပ်၊ရတာ
က မဖြစ်စလောက်။


ဘုရားမှာလည်း ဘုရားရှိခိုး၊ဂုဏ်တော်၁၀၀၀ ပုတီးစိတ်ပြီး အလုပ်အမြန်ရပါစေလို့ ဆုတောင်း
ရတာလည်း အမော။အလုပ်ဆိုတာ “ဘုရားတပည့်တော် အတွက် တိုးတက်ချမ်းသာစေမယ့်
အလုပ်တစ်ခု ရရပါလို၏”ပေါ့။

ကဲ...ဒီနေ့တော့ ကိုယ်နေတဲ့အိမ်မှာရှိတဲ့ ကားအလိုင်းမင့်ဆိုင်က ကားပညာကို လေ့လာလိုက်အုံးမယ်။

14.1.08
9:00 AM
ရေးသားသူ ထင်လင်းအောင်
ချစ်သူများနေ့အတွက် သူငယ်ချင်းတို့ဘယ်လိုခံစားရလဲမသိဘူးနော်....။
တစ်ချို့ကတော့ ဒီချစ်သူများနေ့ဟာ ကိုယ်နဲ့မဆိုင်ဘူးလို့လည်း ထင်ကြမှာပဲ......။
တစ်ချို့ကတော့ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူလေးနဲ့ပျော်ကြမယ်ဆိုတော့
ပျော်နေကြမှာပဲ......။တစ်ချို့ကတော့ ကိုယ့်ချစ်သူက ကိုယ့်ကို သစ္စာပျက်သွားမယ်
ဆိုရင်တော့ ၀မ်းနည်းနေမယ်ထင်တယ်နော...။ ချစ်သူမရှိတဲ့သူတွေကတော့
ချစ်သူများနေ့ကို ဘယ်လိုခံစားရမလဲ။ Lonely ဖြစ်နေမလား.........။
ကဲ.....သူငယ်ချင်းတို့ ကျနော့်ရဲ့ Poll လေးကို vote လုပ်သွားကြပါအုံးနော..............။

ချစ်သူများနေ့အတွက် သင်ဘယ်လိုခံစားရလဲ
အရမ်းပျော်တယ်
အရင်နှစ်ထက်ပျော်သလိုပဲ
သာမန်နေ့လေးလိုပါပဲ
လုံးဝမပျော်ဘူး
ဝမ်းနည်းတယ်
  
pollcode.com free polls

ရေးသားသူ ထင်လင်းအောင်
ကျွန်တော့်ရဲ့ ဘလော့လင့်ကို htinlinnaung007.blogspot.com
ကနေ http://www.htinlinnaung.co.ccသို့ ပြောင်းလဲလိုက်ပါပြီ။ blogspot
ကိုဖွင့်ရတာ ကျော်ရခွရနဲ့ တဖြည်းဖြည်းအာရုံနောက်လာလို့ပါဗျာ....။freegate
ကလည်း အားကိုးလို့မရတော့ဘူး။ freedom ကလည်းတစ်ခါတစ်ခါပွင့်ဖို့
တော်တော်စောင့်ရတယ်။ ဘုရားတပြီးဖွင့်နေရတယ်။ အချိန်တော်တော်ကုန်တာပဲ။
ဒါကြောင့်မို့ ကျော်စရာလည်းမလို၊ အချိန်လည်း ကုန်သက်သာတဲ့
blogspot မှသည် co.cc သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပါသည်ခင်ဗျား...။
ကျွန်တော့်ဘလော့ကိုဒီတစ်ခါဖွင့်ရင် ကျော်စရာမလိုတော့ဘူးနော်။
www.htinlinnaung.co.cc
ဆိုရင်ရပြီနော်။သူငယ်ချင်းတို့ အချိန်ကို
အကျိုးရှိစွာ အသုံးပြုတတ်ကြပါစေဗျာ..။
ရေးသားသူ ထင်လင်းအောင်
ဒီဇင်ဘာ ၂၀၀၇
ရန်ကုန်ကိုလာခဲ့ပါလို့ ဦးက ဖုန်းနဲ့ခေါ်လိုက်တာကြောင့် အညာသားကျွန်တော် ဆိုင်းမဆင့်
ဗုံမဆင့် ရန်ကုန်မြေကိုရောက်လာခဲ့တယ်။ ဦးအိမ်ကိုရောက်တော့ ကျွန်တော်နေရမယ့်
စံပြဈေးနားလေးကဦးရဲ့ အိမ်တစ်အိမ်မှာ။ကျွန်တော့်ကို အိမ်သော့ပေးပြီး ဆုံးမစကား
ပြောတယ်။ ရန်ကုန်မှာနေရင် လိမ်လိမ်မာမာနေဖို့ပေါ့။အောင်မြင်အောင်ကြိုးစားဖို့ပြောတယ်။
ပြီးတော့ ဦးအိမ်မှာထမင်းစားပြီး ကျွန်တော်နေမယ့်အိမ်သော့ကိုပေးတယ်။ လင်းစဒေါင်း
မှတ်တိုင်ကနေ ၃၈ဘပ်စ်ကို စီးသွား၊ ကျောင်းရှေ့မှတ်တိုင်ကိုဆင်း ဆိုလို့ ကျွန်တော်
ဆင်းလိုက်တယ်။ဒါပေမဲ့ ကျောင်းလမ်းနဲ့ ကျောင်းရှေ့မှား ပြီးဆင်းမိလို့ ၁၀ မှတ်တိုင်
လောက်လမ်းလျှောက်လိုက်ရတယ်။အဟပ်။ဒီလောက်တော့အပျော့ပေါ့။ အညာသားပဲဟာ...
နေရမယ့်အိမ်ကိုရောက်တော့ မိုးကစုပ်စုပ် ချုပ်နေပြီ။မီးကလည်းမလာတော့မှောင်မဲနေတယ်။
အိမ်ကအောက်ထပ်က workshopဖွင့်ထားတာ။workshopမှာလုပ်တဲ့အလုပ်သမားတွေက
ပြန်သွားကြပီ။သူတို့က ညကိုအိမ်မှာမအိပ်ဘူးတဲ့။ကျွန်တော်နေရမှာက အိမ်အပေါ်ထပ်။ လူမနေတာကြာပီထင်တယ်။ဖုန်ဆော်တွေကိုနံနေတာပဲ။ဖယောင်းတိုင်ထွန်း ၊ လှည်းကျင်းပြီး
အခန်းထဲမှာ တတ်သမျှမှတ်သမျှ ပရိတ်လေးဘာလေးရွတ်ပြီး ခေါင်းမီးချုံအိပ်လိုက်တယ်။
အဲဒါက အမှတ်တရဒီဇင်ဘာည....။နှင်းမကျတဲ့ ရန်ကုန်ည....။
ရေးသားသူ ထင်လင်းအောင်

၁။ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ
၂။မိုးကုတ်ဆရာတော်ဘုရားကြီး၏ တဘ၀သာသနာ
၃။အရှင်ဇနကာဘိဝံသ၏ တဘ၀သာသနာ
၎။အခြေပြုပဋ္ဌာန်း
၅။ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း
၆။ရာဇဓိရာဇ်အရေးတော်ပုံကျမ်း
၇။ကုန်းဘောင်ခေတ်ရှာပုံတော်
၈။ငြိမ်းအေးသောဘ၀ပိုင်ရှင်
၉။သတိဆိုတဲ့နေအိမ်
၁၀။အရှုပ်ထဲမှာရှင်းအောင်နေ
၁၁။ဇစ်မြစ်
၁၂။လေရူးသုန်သုန်
၁၃။သုခမြို့တော်
၁၄။ပင်လယ်ဝံပုလွေ
၁၅။ဆေးရုံ
၁၆။တကျွန်းစံသို့အပြန်လမ်း
၁၇။စည်းအပြင်ဘက်ကလူ
၁၈။ပါပီလွန်နှင့်ဘင်ဂို
၁၉။ဓား
၂၀။ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်

ဒီစာအုပ်တွေကို ကျွန်တော်ဖတ်ခဲ့တာ ကျောင်းသားဘ၀တုန်းကပါ။ဒီစာအုပ်တွေဟာ
ကျွန်တော့်ဘ၀ရဲ့ အတွေးအခေါ်တွေ ဘ၀နေပုံထိုင်ပုံတွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်။
အခုတော့ အလုပ်ခွင်ထဲမှာရောက်နေတဲ့ ကျွန်တော်ဟာ ဒီစာအုပ်တွေနဲ့ဝေးနေတာ
ကြာပြီ။ဖြစ်နိုင်ရင် ဒီစာအုပ်တွေကိုကျွန်တော် အမြဲတမ်းဖတ်နေချင်မိတယ်။