ရေးသားသူ ထင်လင်းအောင်
forward mail ထဲက ရတာလေးပါ..သူငယ်ချင်းတွေဖတ်ရအောင်....share လိုက်ပါတယ်။ :D

နှစ်ဦးသဘောတူ


မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။ မိဘများသဘောတူ
နေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။ မောင်ရိုးကြိုက်နေသော
မိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။ ကဲ...မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးကို
ယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။ မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကို
ပြောလိုက်သည်.... အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး ....
သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ နော်....


ခိုင်းနည်းသစ်

ယောင်္ကျားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်
တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။ သို့သော် တော်တော်နဲ့ခိုင်းလို့ရမည်
မဟုတ်။တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက...... `ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊
သြော်အင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။ အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့
့မှာဘဲလေ မကြာမီ သူ၏ယောင်္ကျားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။

လက်ထပ်လျင်

အမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောင်္ကျားမျိုးကိုရှာပြီး လက်ထပ်ရမည့်
အကြောင်းပြောနေကြသည်။
ပထမမိန်းမ။ ငါယူတဲ့ယောင်္ကျားကချမ်းသာတဲ့သူဖြစ်ရမယ်။ သဘောကောင်းတဲ့သူဖြစ်ရမယ်။
ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။ ။အို..........ဒါဆို နင်ကယောင်္ကျား ၃ ယောက်တောင်ယူမှာလား

ကြိုက်နေလို့ပါ

ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ" တရားခံကို တရားသူကြီးကမေးသည်..။
"သူ့ကို ကျနော်ကြိုက်လို့ပါ"ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
"ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ "ဟုတရားသူကြီးကထပ်မေးသည်..။
"သူ့ကိုကျနော်ကြိုက်လို့ပါ "ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
'ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း "
"တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။"


နောင်တ


ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ
မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။

ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ 
မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား…
မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..

မထူးပါဘူး

လမ်းတွင် ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်မှား စီးလာသော ကလေးတစ်ဦးကိုတွေသဖြင့်
လူကြီးတစ်ဦးက... `ဟေ့ချာတိတ် မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊
အိမ်ပြန်လဲလိုက်အုံး´ ဟာ...အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ...
`ဘာဖြစ်လို့လဲကွ`
`အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲဗျာ.
ရေးသားသူ ထင်လင်းအောင်
ပုံမှန်နေ့လေးတစ်နေ့ပါပဲ....မနက်(၇)နာရီအိပ်ရာထတယ်......မျက်နှာသစ်တယ်....သွားတိုက်
တယ်.....ပြီးတော့ အိမ်မှာလုပ်စရာရှိတာတွေကိုလုပ်တယ်....အားလုံးပြီးသွားရင်....ရေချိုးတယ်....။
စာဖတ်တယ်...ခဏလေးလောက်ပေါ့။အရင်တုန်းကတော့ ရေချိုးပြီးရင်...ဘုရားရှိခိုးတယ်.....။
အခုတော့ နေ့တိုင်း မလုပ်ဖြစ်ပြန်ဘူး....။ဒါတွေဟာ....ကျွန်တော့်အတွက်တော့ မနက်ခင်းလုပ်လေ့
လုပ်ထ၇ှိတဲ့ အရာတွေပေါ့....။

ဒီနေ့လည်း ဒီအတိုင်းပဲ.....။သာမန်နေ့လေးတစ်နေ့လေးပဲလို့ထင်ထားခဲ့တာ....။မဟုတ်ဘူး....။
ဒီနေ့ဟာ ကျွန်တော့်အတွက်...သာမန်နေ့လေးတစ်နေ့မဟုတ်ဘူးဆိုတာ....ကျွန်တော်သိလိုက်ရပြီ။


*******

ကျွန်တော် အလုပ်ရှိရာနေရာကိုရောက်တော့....။
"ထွန်းထွန်း"ရေ....နင်ဆောင်းပါးပို့ထားလား......အန်တီရဲ့ ၀မ်းသာနေတဲ့မေးသံ.....။

"ဟုတ်ပို့ထားတယ်.....ဘာလို့လဲအန်တီ "ကျွန်တော်အံ့သြစွာမေးလိုက်တယ်....

အဲဒါဆိုရင် နင်ရေးတဲ့ဆောင်းပါးပါတယ်တဲ့.....Health Digest Journal မှာတဲ့....

ဟာ...ဟုတ်လား......ကျွန်တော့် လက်ကိုလေထဲမှာမြှောက်လိုက်ပြီး......ကလေးတစ်ယောက်လို
ပျော်မြူးသွားတယ်....ဟုတ်တယ်...ကျွန်တော်ကလေးတစ်ယောက်လို ပျော်နေတယ်....။
အန်တီ့ကို.....ပါးစပ်ကလည်း ပြောလိုက်တယ်..." အဖေ့ကို ဖုန်းဆက်ပြီးတော့ အဖေရေ... သားရေးတဲ့ဆောင်းပါးလေး...ဂျာနယ်ထဲမှာ...အရွေးခံရတယ်လို့......ဖုန်းဆက်ပြီးတော့
့ ကြွားရမယ်လို့"ပေါ့...ကျွန်တော့် အဖေက လည်း စာရေးဆရာတစ်ယောက်ပဲလေ....ဘာသာရေး၊
ခရီးသွားဆောင်းပါးတွေရေးတဲ့စာရေးဆရာပေါ့....။နာမည်ကြီးစာရေးဆရာတစ်ယောက်တော့
မဟုတ်ပါဘူး။ဟော....အခုတော့ ကျွန်တော် ငယ်ငယ် က မက်ခဲ့တဲ့ အိပ်မက်လေးဟာ အခုတော့
တကယ်ဖြစ်နေပီပေါ့ဗျာ....။

အခုတော့ ကျွန်တော်ရေးတဲ့ဆောင်းပါးလေးကို Health Digest Journal ထဲမှာ
ပုံနှိပ်စားလုံးတွေနဲ့ ဖော်ပြထားတာကို အရမ်းဖတ်ချင်နေပြီ....။ရန်ကုန်မိုးကလည်း
တဖွဲဖွဲကျနေဆဲ....။ကျွန်တော် ကားမှတ်တိုင်ဆီ အပြေးသွား၊ကားစီး၊သုဝဏ္ဏက
ဂျာနယ်ရောင်းတဲ့ ဆိုင်ကိုရောက်တော့ Health Digest Journal ကို အမောတကော
ကောက်ကိုင်ပြီး ကိုယ့်ရဲ့ ဆောင်းပါးလေး ကို လိုက်ရှာတယ်...။No...No...မတွေ့ရပါဘူး...
စာမျက်နှာတွေသာဆုံးသွားတယ်....ကျွန်တော် ရေးတဲ့ဆောင်းပါးကို မတွေ့ရပါဘူး...။
အရင်အပတ်ထုပ်တဲ့ Journal ထဲမှာပါတာနေမှာပါလို့ စိတ်ထဲ ဖြေသိမ့်လိုက်ပြီး....ဆိုင်ကို ပြန်လာခဲ့တယ်။

ဆိုင်ရောက်တော့....အရင်အပတ်ဂျာနယ်ဝယ်ထားတဲ့အန်တီတစ်ယောက်ဆီကို ခိုင်မျိုးကို
အကူအညီတောင်းပြီး သွားယူခိုင်းရတယ်။ဂျာနယ်လေး ကျွန်တော့်လက်ထဲရောက်တော့
ကျွန်တော်စာမျက်နှာတွေကို ရင်ခုန်စွာ အမြန်လှန်တယ်...တွေ့ပါပြီဗျာ....Health Digest Journal
အတွဲ(၆) ၊အမှတ်(၄၆) သြဂုတ်လ၂၆ရက်နေ့ထုတ် စာမျက်နှာ နံပါတ်(၄) မှာ... မြင့်မြတ်သောသွေးလှူဒါန်းခြင်း(ထင်လင်းအောင်)တဲ့....ခေါင်းစဉ်လေးကို ကျွန်တော်အပြန်ပြန် အလှန်လှန်ဖတ်....ကျွန်တော့်နာမည်ဟုတ်ရဲ့လားလို့....၁၀တန်းအောင်စာရင်းကြည့်တုန်းကလို အပြန်ပြန်အလှန်လှန်ကြည့်နေမိတယ်...။တကယ့်ကိုရူးသွပ်စွာပါ....။

ဟုတ်ပါတယ်...။ဒါ...ကျွန်တော့် နာမည်ပဲ...။မြေကြီးလက်ခတ်မလွဲ.....သေချာပါတယ်လေ...။
ကျွန်တော့်ဆောင်းပါးလေးကို ကျွန်တော်ပြုံးပြီး ဖတ်နေမိတယ်...။တစ်ခေါက်ဆုံးသွားတယ်။
နောက်တစ်ခေါက်ပြန်ဖတ်တယ်....။ ပျော်မြူးစွာ....။ဘယ်နှစ်ခေါက်ဖတ်မိမှန်းတောင်မမှတ်မိ
တော့ပါဘူးဗျာ....။ကိုယ်ရေးတဲ့ ဆောင်းပါးလေးကို ပထမဦးဆုံးပုံနှိပ်စာလုံးပေါ်မှာ မြင်ရတဲ့ ပီတိ၊
ပျော်ရွှင်မှုရဲ့ အရသာကို ကျွန်တော်အခု ခံစားမိပီပေါ့ဗျာ....။ ကျွန်တော်ရေးတဲ့ဆောင်းပါးလေးကလည်း ကြည့်ပါအုံး....ကျွန်တော်သွေးလှူစဉ်တုန်းက ရေးထားတဲ့ဆောင်းပါးလေးပါ...။ အရင်က ဒီဆောင်းပါး
လေးကို ဘလော့ပေါ်မှာတင်ဘူးပါတယ်။ဟော...အခုတော့ Health Digest Journal ကို ဖတ်တဲ့သူ
တွေဟာ ကျွန်တော့်ဆောင်းပါးလေးကို ဖတ်မိနေကြမှာပါပဲ...။ကျွန်တော့ ဆောင်းပါးလေးကို ဖတ်ရင်း
သွေးလှုချင်တဲ့ စိတ်တွေဖြစ်မိသွားရင် ကျွန်တော် ကုသိုလ်တွေရအုံးမှာပါပဲ....။ ပျော်လိုက်တာ.....ဗျာ......။ကျွန်တော့်သူငယ်ချင်းတွေကိုလည်း ကျွန်တော့် ဆောင်းပါးလေး
ဖတ်ရအောင် ပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်....။ကျွန်တော့်သူငယ်ချင်းတွေ ၀မ်းသာပီတိဖြစ်ကြမယ်လို့
ထင်ပါတယ်။

*************

မြင့်မြတ်သောသွေးလှူဒါန်းခြင်း


ကျွန်တော်တို့ကို Raven သွေးလှူရှင်များ အသင်းမှ ဒေါ်လေးသွယ် က သွေးလိုနေပါသဖြင့်
သွေးလှူမလားဟု ဖုန်းဆက်ပြောတယ်။ ကျွန်တော်ကလည်း သွေး တစ်ခါမှ မလှူဘူးသေး...
သွေးလှူချင်စိတ်လည်းရှိသဖြင့် လှူမယ် ဟု ပြောလိုက်တယ်။လိုအပ်နေတာက A သွေးရယ်
B သွေးရယ်...ကျွန်တော်က B ခိုင်မျိုးက A ကျွန်တော်တို့နှစ်ယောက်လုံး သွေးလှူရန်
Heaven Internet ဆိုင်သို့ သွားကြတယ်။အဲဒီက နေ တစ်ဆင့် သွေးလှူမည့် သူများကို
စံပြဆေးရုံကြီးသို့ ကားနဲ့ လိုက်ပို့ပေးတယ်။

ကျွန်တော်က စံပြဆေးရုံကြီးသို့ တစ်ခါမှ မရောက်ဘူးသေး။ ဆေးရုံကြီးထဲရောက်တော့
ကျွန်တော်တို့ကို သွေးပေါင်တိုင်းတယ်။ကျွန်တော်က အပေါ်သွေး ၁၂၀ အောက်သွေး ၈၀
ပထမစစ်ချက်အောင်တယ်။ဒါကြောင့် ကျွန်တော်သွေးလှူမယ့် လူနာရှင်အဒေါ်ကြီးနဲ့ အတူ
သွေးလှူဘဏ်ကို သွားတယ်။အဲဒီမှာ ကျွန်တော့်သွေးကို စစ်ချက်ယူတယ်။ကျွန်တော့်သွေးမှာ
ရောဂါရှိမရှိစစ်တာ။ကျွန်တော့်သွေးကို check လုပ်နေချိန်မှာ ကျွန်တော့မျက်လုံးများက
သွေးလှူဘဏ်ထဲမှာရေးထားတဲ့ စာတန်းတွေကို ဖတ်နေမိသည်။

သွေးလှူရှင်များသိသင့်သိထိုက်သောအချက်များတဲ့
၁။အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းဖြစ်ပြီး၊ကျန်းမာရေးကောင်းမွန်ရမည်။
၂။ကိုယ်အလေးချိန် အနည်းဆုံး (ကျား-100 lb,မ 90 lb),blood pressure
-(ကျား -120/80mmhg Hemoglobin 12.5g%, မ-110/70mmhg hemoglobin
11.5g% ရှိရမည်။
၃။အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးနို့တိုက်ချိန်၊ ဓမ္မတာလာချိန်တို့တွင် သွေးမလှူရ။
၎။လွန်ခဲ့သော (၃)နှစ်အတွင်း ငှက်ဖျားရောဂါ၊ လွန်ခဲ့သော (၁)နှစ်အတွင်း သွေးသွင်းကုသခံရ
သူ၊ခွဲစိပ်ကုသခံရသူ၊လွန်ခဲ့သော (၂၁)ရက်အတွင်း ကာကွယ်ဆေးထိုးခဲ့သူ၊ အားနည်းသူ ၊မူးဝေသူ များ၊
ဆေးမင်ကြောင်ထိုးထားသူများ သွေးမလှူသင့်ပါ။
၅။ဆုံဆို့နာ၊ခြေလက်မသန်စွမ်းသူ၊ဆီးချို၊သွေးတိုး၊နှလုံး၊HIVပိုးရှိသူ၊အရေပြားရောဂါ၊ဆီပိုး၊ဗီပိုးနှင့်
ဝက်ရူးပြန်ရောဂါ၊ကာလသားရောဂါရှိသူများ သွေးမလှူသင့်ပါ။
၆။သွေးတစ်ကြိမ်လှူပြီး ၄ လတင်းတင်းပြည့်မှသာ သွေးလှူဒါန်းသင့်သည်။

ကျွန်တော်တို့သွေးလှူရှင်များသည် ဖော်ပြပါအချက်များနှင့် ကိုက်ညီမှသာ သွေးလှူဒါန်းခွင့်
ရကြမည်။ ကျွန်တော်တို့စိတ်ကဘယ်လောက်ပင်သွေးလှူချင်နေသော်လည်း ကိုယ့်ရဲ့သွေးက
ရောဂါကင်းစင်နေအုံးမှ ဖော်ပြပါအချက်တွေနဲ့လည်းပြည့်စုံအုံးမှ မိမိရဲ့ ဒါနမြောက်မည်။
ကျွန်တော့်စိတ်ကတော့ ယခုပင်သွေးလှူဖို့ အဆင်သင့်ဖြစ်နေပါပြီ... ဒါပေမဲ့ ကျွန်တော့်ရဲ့
သွေးက သတ်မှတ်ထားသောရောဂါတွေနဲ့ ကင်းစင်နေပါ့မလား...ကျွန်တော် စိုးရိမ်စွာစောင့်
စားနေမိပါတယ်။နာရီဝက်သာသာကြာတော့ ကျွန်တောသွေးစစ်တာ အောင်ကြောင်းသိရတယ်။
ကျွန်တော်ဝမ်းသာစွာပင် သွေးလှူကုတင်လေးပေါ်မှာ လဲလျောင်းနေလိုက်တယ်။
ကျွန်တော့်ရဲ့သွေးတွေကို ပုလင်းထဲသို့ ဖောက်ထုပ်လှူဒါန်းနေစဉ်မှာ ကျွန်တော့်စိတ်ထဲမှာ
အတွေးတွေစီးဆင်းလာပါတော့တယ်။

ကျွန်တော်ဘာကြောင့်သွေးလှူဒါန်းတာလဲ...
ကျွန်တော်ဘာကြောင့်သွေးလှူဒါန်းနေတာလဲ...လို့ မေးခွန်းထုပ်နေမိတယ်။
ကျွန်တော်တို့တစ်တွေဟာ လူဖြစ်လာကတည်းက သတ္တ၀ါတွေရဲ့ အသွေးအသားများကို
စားသုံးခဲ့ကြဘူးပြီ။ဒါပေမဲ့ ကိုယ့်ရဲ့ သွေးသားတွေနဲ့ သူတို့တွေဆက်လက်ရှင်သန်ရန်အတွက်
လှူဒါန်းဘူးလား...ကျွန်တော့်အတွက်တော့ ခုချိန်ထိ ကိုယ့်ရဲ့သွေးနဲ့ ဘယ်သူ့ရဲ့အသက်ကိုမှ
မကယ်ဘူးသေး...ကိုယ့်ရဲ့သန့်စင်သောသွေးနဲ့ ရောဂါဝေဒနာခံစားနေရသော... သွေးလို
အပ်နေသောသူတွေကို မလှူဘူးသေး... ဒါကြောင့်မို့ ကျွန်တော်သွေးလှူဒါန်းဖြစ်ခဲ့ခြင်းဖြစ်
သည်။အခုလိုလှူဒါန်းခြင်းမှာလည်း ဘာဂုဏ်၊ဘာငွေကြေးမှ လိုချင်လို့ လှူတာမဟုတ်။
ကိုယ့်ရဲ့သွေးနဲ့ လူတစ်ယောက်ရဲ့ အသက်ကိုကယ်ချင်လို့ ပင်ဖြစ်တယ်။
ကိုယ့်ရဲ့ ခန္ဒာကိုယ်ထဲမှာ လည်ပတ်နေတဲ့သွေးတွေကို တစ်ပါးသူအားလှူဒါန်းခြင်းသည် မြင့်မြတ်
သော အလုပ်ဖြစ်သည်ဟု ကျွန်တော်ထင်သည်။အဲဒီလိုမြင့်မြတ်တဲ့ အလုပ်ဖြစ် တဲ့ သွေးလှူဒါန်း
ခြင်းကို သွေး လှူဒါန်းခွင့်ရသူတိုင်း သွေးလှူဒါန်းသင့်သည်ဟု ကျွန်တော်ထင်တယ်။
သွေးလှူဒါန်းခြင်းအကျိုးတွေကိုလည်းကြည့်ပါအုံး...

" ၀ိပဿနာ မြတ်ချမ်းသာ လွန်စွာပွားနိုင်သည်၊
ဘ၀စည်းစိမ် မမှေးမှိန် ဂုဏ်ရှိန်ရတတ်သည်၊
ပစ္စုပ္ပန်မှာ စိတ်ချမ်းသာ မှန်စွာရနိုင်သည်၊
မြင့်မြတ်သူများ ဤသုံးပါး ထူးခြားရနိုင်သည်။" တဲ့

ဤကဲ့သို့သွေးလှူဒါန်းခြင်းအကျိုးကြောင့် ယခုလက်ရှိအချိန်လေးမှာမိမိရဲ့စိတ်ဟာချမ်းသာနေမယ်၊
ကိုယ့်မှာရရှိ နေတဲ့ ဘ၀စည်းစိမ်ဟာလည်း ဘယ်တော့မှမှေးမှိန်ပျောက်ကွယ် သွားမှာမဟုတ်ပါဘူး၊
နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့ဒုက္ခအားလုံးလွတ်မြောက်ရာ မြတ်နိဗ္ဗာန်သို့ရောက်ကြောင်း
အကျင့်မြတ်ဖြစ်တဲ့ဝိပဿနာတရားတော်မြတ်ကို အခက်အခဲမရှိ စိတ်ချမ်းသာစွာပွားများ
နိုင်တယ်။တော်တော်အားရစရာကောင်းတဲ့ အကျိုးတွေပါပဲ...

၁၅ မိနစ်ခန့်ကြာတော့ ကျွန်တော့်ရဲ့ သွေးလှူဒါန်းခြင်းပြီးဆုံးသွားတယ်။ ဒါပေမဲ့
ချက်ခြင်းကြီးထလို့ မရသေး...ခဏလောက်လဲလျောင်းနေရအုံးမည်။ ထိုစဉ်
လူနာရှင်အဒေါ်ကြီးကကျွန်တော့် အနားသို့လာကာ

" သား နေလို့ကောင်းရဲ့လား " လို့ စိုးရိမ်စွာမေးတယ်။

" သားကို နေ့တိုင်း မေတ္တာပို့ပေးပါမယ်...ကျေးဇူးလည်းအရမ်းတင်တယ် " ဟု တကယ်ပဲ
ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီး ကျွန်တော့်ကိုပြောတယ်။

" ဟုတ်ကဲ့ခင်ဗျာ ရပါတယ်... ကျွန်တော်ကလည်း အခုလို လှူဒါန်းရတဲ့အတွက် ၀မ်းသာ
ပျော်ရွှင်မိပါတယ် " လို့ ပြောလိုက်ပါတယ်။ဒီအဒေါ်ကြီးက ဆင်းရဲတယ်။ ကျွန်တော်သွေးလှူတဲ့
လူနာရဲ့မိန်းမ။ သားသမီးကျော ထောက်နောက်ခံမရှိဘူး။ ပြေးကြည့်မှ သူတို့လင်မယား
နှစ်ယောက်ပဲရှိတယ်။ အခုဆေးဖိုးအ တွက် သူတို့အိမ်မှာမွေးထားတဲ့ မွေးထားတဲ့ ၀က်တို့
ကြက်တို့ ကို ရောင်းခဲ့ရတယ်လို့ပြော တယ်။

အခုလို ဆင်းရဲတဲ့ သူတွေကို သွေးလှူရတာ ပိုပြီးတော့တောင်ကုသိုလ်ရသေးတယ်လို့ တွေးပြီး
ကျွန်တော်ပိုပြီးဝမ်းသာမိပါတယ်။ကျွန်တော်အမှန်တကယ်ပဲ ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။
မိမိကိုယ်ကိုလည်းကျေနပ် မိတယ်။ သူတစ်ပါးရဲ့ အသက်ကို ကယ်ဆယ်ရာရောက်သော...
မိမိရဲ့စိတ်ကို ချမ်းသာပျော်ရွှင်စေသော သွေးလှူဒါန်းခြင်းကို ကျွန်တော်သွေးလှူဒါန်းခွင့်ရတဲ့
အချိန်တိုင်း ဆက်လက်လှူဒါန်းအုံးမည်ဟု အပြန်လမ်းတစ်လျှောက်တွင် ဆုံးဖြတ်ချက်ချမိပါတယ်။

သွေးလှူဒါန်းခွင့်ရသူတိုင်း ၀မ်းသာပျော်ရွှင်စွာ သွေးလှူဒါန်းနိုင်ပါစေ။