ရေးသားသူ ထင်လင်းအောင်
အတွေးတွေက စိတ်ကိုလွှမ်းမိုးတယ်တဲ့။ကျွန်တော်တို့တွေရဲ့စိတ်ကို ကြည့်ကြည့်လိုက်ရင် အမြဲတမ်း အတွေးတွေရှိနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

ကိုယ်နဲ့ပတ်သက်တဲ့လူတွေရဲ့ အကြောင်းတွေ… အလုပ်အကိုင်နဲ့ပတ်သက်တဲ့အကြောင်းတွေ…ချစ် ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ အကြောင်းတွေ…တစ်ခုမဟုတ်တစ်ခုတွေးနေမယ်ဆိုတာ ကိုယ့်စိတ်ကို ပြန်ကြည့်တတ်ရင် တွေ့ရပါလိမ့်မယ်။

တဏှာလောဘနဲ့ပတ်သက်တဲ့ အတွေးတွေ…မကျေမနပ်ဒေါသဖြစ်တဲ့ အတွေးတွေ…လူတစ်ယောက် ကို ကိုယ့်ထက်သာသွားမှာစိုးတဲ့ မနာလိုတဲ့အတွေးတွေ… ငါပညာတတ်တယ် ငါဟာ တော်တော်များများကို သိတယ်ဆိုတဲ့ မာန်မာနအတွေးတွေ… ငါ့မှာ ပစ္စည်းဥစ္စာတွေ အများကြီးပိုင်တယ် ငါ့မှာအားကိုးယုံ ကြည်ရတဲ့ သားသမီးတွေရှိတယ်ဆိုတဲ့ ငါစွဲအတွေးတွေ… ကတော့ စိတ်ကိုပူလောင်စေတဲ့ ညစ်ကြေးစေတဲ့ အတွေးတွေပဲပေါ့။

စိတ်ကို ပူလောင်စေတဲ့ အတွေးတွေ နောက်ကျူစေတဲ့အတွေးတွေ ကင်းရှင်းနေတဲ့စိတ်ဟာ ကြည်လင်ငြိမ်းချမ်း ရှင်းသန့်နေတာပါပဲ။အဲဒီလို စိတ်ကို ကြည်လင်သန့်ရှင်းစေဖို့ ကျွန်တော်တို့ဟာ စိတ်ကိုပစ္စုပ္ပန်မှာထားတတ်ရပါလိမ့်မယ်။
စိတ်ကိုပစ္စုပ္ပန်မှာ ထားပြီး ရှုပ်ထွေးနေတဲ့ အတွေးတွေကင်းလွတ်နေတဲ့စိတ်ဟာ ဘယ်လောက်ငြိမ်း ချမ်းသလဲ ဆိုတာ ကိုယ်တိုင်သတိနဲ့နေကြည့်မှ သိမြင်လာပါလိမ့်မယ်။

သတိကင်းလွတ်နေတဲ့စိတ်မှာ အစဉ်မပြတ် အတွေးတွေ စိုးမိုးနေတာပါပဲ။

စိတ်ဟာ အတွေးတွေနဲ့ အမြဲတမ်းရှိနေပါတယ်။

သာမန်လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့စိတ်မှာလည်း အတွေးတွေ ဟာ အမြဲမပြတ်စီးဆင်းနေ တာပါပဲ။ သူငယ်ချင်းတွေကို သတိရတဲ့အတွေးတွေ…အိမ်နဲ့ခွဲပြီး ရန်ကုန်မှာ လာပြီး တစ်ရောက်တည်း အလုပ်လုပ်ကိုင်နေရသဖြင့် အိမ်ကို လွမ်းတဲ့အတွေးတွေ… အလုပ်နဲ့ပတ်သက်တဲ့ အတွေးတွေ…ချစ် ခြင်းမေတ္တာဆိုတာ ဘာလိုလဲဆိုတဲ့သိချင်တဲ့အတွေးတွေဟာ စိတ်ထဲမှာ တွေးနေတာပါပဲ။
အဲဒီလို ကျွန်တော်တွေးခဲ့တဲ့ အကြောင်းတွေကို သတိတရရှိချင်လို့… ဘ၀ကို ပြန်ကြည့်မိရင် ကျွန်တော်တွေးခဲ့တဲ့ အရာတွေကို ဆင်ချင်သုံးသပ် ပညာယူချင်လို့ စီးဆင်းနေတဲ့ အတွေးများ ဆိုတဲ့ ဘလော့ဂ်လေးတစ်ခု ဖန်တီးလိုက်တာပါ။
ရေးသားသူ ထင်လင်းအောင်
ကျွန်တော်သည် အဖေ၊ အမေ ၊ ညီလေး၊ ညီမလေးတွေနဲ့ နေခဲ့တုန်းက မိသားစုဘ၀ကို
နားမလည်ခဲ့။ အခုလို တစ်ရောက်တည်း ရန်ကုန်မှာလာ ၍ အလုပ်လုပ်ကိုင်နေသောအခါမှသာ
မိသားစုဘ၀ကို လွမ်းဆွတ်မိသည်... တမ်းတ မိသည်....။

မိသားစုဘ၀လေးထဲမှာနေနေရတော့ ကျွန်တော့်အတွက် အထီးကျန်စရာ အချိန်မရှိခဲ့။ အမေရဲ့
ထမင်းဟင်းချက်လုပ်ငန်းတွေကို ကူညီပေးတယ်။ ဒါကြောင့်မို့လို့ အိမ်ရှင်မတွေရဲ့ ဘ၀ကို
နားလည်မိတယ်။ အဖေရဲ့ လုပ်ငန်းတွေကို ကူညီရသဖြင့် အိမ်ထောင်ဦးစီးရဲ့လုပ်ငန်း
တာဝန်တွေကို သိနားလည် မိတယ်။ တကယ်တော့ အိမ်ထောင်ဦးစီးဆိုတာ မိသားစုရဲ့
လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသူ ၊ မိမိရဲ့ ဇနီး ၊ သား ၊သမီး များကို ဘ၀မှာ
ဘယ်လိုနေထိုင်ရမယ်ဆိုတာ ဆုံးမသြ၀ါဒပေးသူ၊ ဦးဆောင်လမ်းပြ သူပေါ့။

အဖေဟာ ကျွန်တော်တို့ကို အရက်မသောက်ဖို့ ၊ ရန်မဖြစ်ဖို့ အမြဲတမ်း သွန်သင်ဆုံးမတယ်။
အဖေက ကျွန်တော်တို့ကို ထမင်းစားရင်တောင်မှ ပလုတ်ပလောင်းမစားဖို့၊ တပျပ်ပျပ်နဲ့
အသံမြည်အောင်မစားဖို့ အမြဲတမ်းဆုံးမတယ်။

အခုတော့ အဖေ၊ အမေတို့နဲ့ ထမင်းလက်စုံမစားရတာ ၂ လတောင် ကျော်ပေါ့။
ဟင်းကောင်းကောင်းမကောင်းကောင်း အဖေ၊ အမေ၊ ညီလေး၊ ညီမလေးတွေနဲ့
ထမင်းစားရတာဟာ ပျော်ရွှင်စရာအကောင်းဆုံးပါပဲ။ အဖေက အငန်အစပ်ချက်လေးနဲ.မှ
ထမင်းစားမြိန်တာ။ ကျွန်တော်တို့မိသားစု အားလုံး အမဲသားမစား။ အမေကတော့
ထမင်းစားရင် သိပ်မစားနိုင်ဘူး။အမေက ကျန်းမာရေး ချူချာတယ်။

ဟိုတလောကအမေနေမကောင်းဘူးလို့ ညီမလေးက စာထဲမှာပြောတယ်။အခုအချိန်မှာ
အမေ နေကောင်းရဲ့လားလို့ ကျွန်တော့် စိတ်ထဲမှာ လွမ်း ဆွတ် တမ်းတစွာမေးနေမိ
တယ်။ အမေ ကျန်းမာပါစေ လို့ စာရေးနေရင်းကနေ ကျွန်တော် စူးစူးဆိုက်ဆိုက်
မေတ္တာပို့သမိပါတယ်။

အဖေက ကျွန်တော့ကိုပေးတဲ့ စာထဲမှာ အမေက ကျွန်တော့်ကို မျှော်နေတယ်တဲ့။
ကျွန်တော်အလုပ်ရရင် ဖုန်းဆက်ပါပြောလို့ အရင်တစ်နေ့က ဖုန်းဆက်ပါတယ်။ ညီမလေးနဲ့ပဲတွေ့ရတယ်။ကျွန်တော်အလုပ်ရပြီဆိုတဲ့အကြောင်း ပြောလိုက် ပါတယ်။
ကျွန်တော်အလုပ်ရပြီဆိုတာ အမေသိရင် အမေ၀မ်းသာ နေမှာ ပါ။ အမေက
ကျွန်တော်အလုပ်ရဖို့အဓိဌာန်ပတီးတွေစိပ်တယ်လို့ အန်တီစံပယ် ကပြောတယ်။
အမေက ကျွန်တော့်ကို သားအကြီးဆုံးမို့ အလွန်ချစ်တာ။ အရမ်းအားကိုးတာ။
ကျွန်တော်ရန်ကုန်သွားဖို့ ပြင်ဆင်တဲ့ညမှာ အမေက ကျွန် တော့်ကို
" သား မိန်းမယူမယ်ဆိုရင် အမေ့မျက်နှာကို မြင်လိုက်ပါ" တဲ့ ။
သြော်အမေရယ်လို့ ကျွန်တော့်စိတ်ထဲကရော ပါးစပ်ကပါ အမေရေ...အမေရေ လို့
ခေါ်နေပေမဲ့ အမေက ကျွန်တော်နဲ့ အဝေးကြီးမှာဗျာ....။အမေကလည်း ကျွန်တော့်ကို
သားကြီးရေ...သားကြီးရေ လို့ လွမ်းဆွတ်စွာခေါ်နေမယ်ဆိုတာ ကျွန်တော်အကြွင်းမဲ့
ယုံကြည်ပြီးသားပါဗျာ။

မိသားစုဆိုတဲ့ဘ၀လေးကို ကျွန်တော် အခုအချိန်မှာအရမ်းလွမ်းဆွတ်တမ်း တနေမိပါတယ်။
ကျွန်တော်တို့ဟာ တစ်ယောက်ရဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်း လင်းပြောကြတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရဲ့စိတ်ဟာ မွမ်းကျပ်မနေ ဘူး။ လွတ်လပ်နေတယ်။
တစ်ယောက်ကျန်းမာရေး မ ကောင်းရင် ကူညီဖေးမပြုစုကြတယ်။ ညရောက်ရင် အဖေ နဲ့
အမေကို ကျွန်တော်တို့ မောင် နှမတွေက နင်းပေးနှိပ်ပေးကြတယ်။ အဲဒီလို အချိန်မှာ
အဖေက ကျွန်တော့်တို့ ကို ဘ၀သင်ခန်းစာယူစရာလေးတွေကို ပြောပြပေးတယ်။

ကျွန်တော့်မှာ ညီလေး ရယ် ညီမလေး နှစ်ယောက်ရယ် ရှိတယ်။ ညီလေးကတော့
ဈေးထဲမှာ စာအုပ်ဆိုင်ရှိတယ်။ ပိုစတာ ၊ ပြက္ခဒိန်ရောင်းတယ်။ အညာမှာနေတုံးက
သူ့လုပ်ငန်းကို ကျွန်တော်ကူညီပေးတယ်။ သူက ဒုတိယနှစ် Law ။ ညီလေးက
ဂစ်တာအတော်တီးတတ်တာ။

ညီလေးရေ အခုတော့ မင်း နဲ့ အကိုကြီးတို့ ဂစ်တာတီးပြီး သီချင်းဆိုခဲ့ကြ တာတွေကို
သတိရနေမိပါတယ်ကွာ....။ ညီလေးဟာ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ
သူငယ်ချင်းပါပဲ။ကျွန်တော့်ညီမလေးက ၁၀ တန်း။ ဒါကြောင့်မို့လို့ ရန်ကုန်မလာခင်တုံးက
ညီမလေးကို အင်္ဂလိပ်စာ၊ သင်္ချာ တို့ကို ကျွန်တော်သင်ပေးတယ်။ ညီမလေးစာကျက်နေတာ
ကို ထိုင်စောင့်ပေးတယ်။ ညီမလေးစာမေးပွဲကနီးနေပြီ။ ညီမလေးသင်ခန်းစာတွေ
ကြေညက်နေပြီလားလို့ စိုးရိမ်စွာ တွေးနေမိတယ် ညီမလေးရယ်...။

အငယ်ဆုံးညီမလေးက ဆန်းနန္ဒာ။ ဒီညီမလေးကတော့ ဥာဏ်သိပ်ကောင်း တာ။
သူငယ်တန်းပဲရှိသေးတယ်။ ညီမလေးကမုန့်တွေအရမ်း ကြိုက်တာ။ ညီမလေးရော
စာတွေ အတော်ဖတ်တတ်နေပြီလား ကျွန်တော်တွေးနေမိတယ်။ ညီလေး ညီမလေးတွေကို
ကျွန်တော်အရမ်း ချစ်တယ်။ အရမ်းသတိရတယ်။ ကျွန်တော်တို့တွေ အိမ်မှာ မုန့်တွေ
လုပ်စားပြီး ပျော်ပျော်ပါးပါး အတူတူစားခဲ့ကြ တာတွေ... အတူတူဆော့ကစားခဲ့ကြတာ
တွေ ဟာ ဘယ်တော့မှမမေ့နိုင်တဲ့ မိသားစုဘ၀လေးပါပဲ..။
ပျော်ရွှင်စရာမိသားစုကမ္ဘာလေးပါပဲ....။ လွမ်းဆွတ်တမ်းတစရာမိသားစုဘ၀လေးပါပဲ...။
ရေးသားသူ ထင်လင်းအောင်
သူငယ်ချင်း...
တို့တွေဆုံရ ခဏတာသည်
ခွဲခွာရမည့် နိမိတ်ပင်တည်း။
သူငယ်ချင်း...
တို့တွေခွဲရ ခဏတာသည်
ပြန်လည်ဆုံတွေ့ ဘယ်နေ့ချိန်ခါ
မသိပါလေ။
သူငယ်ချင်း...
တို့တွေဆုံကြ ချိန်ကာလတွင်
တစ်ဦးနှင့်တစ်ဦး ထူးချစ်ခင်၍
ကြင်နာဆကဲ ထားမြဲထားမည်။
မနာလိုခြင်း ၀န်တိုကင်းကာ
ရှင်းသန့်မေတ္တာ စေတနာနှင့်
ပမာဆွေရင်း
ချစ်ခြင်းများနဲ့ နေကြမည်...။
ရေးသားသူ ထင်လင်းအောင်
မေမေမေမေ ခေါ်လေချင်လည်း
မေမေမှာကား တနယ်ခြားမှာ...
မေမေ့စကား ကြားချင်လှလည်း
မေမှောကား တနယ်ခြားမှာ...
မေမေ့မေတ္တာ ကြင်နာအများ
သားရချင်လည်း
မေမေမှာကား တနယ်ခြားမှာ...
မေမေနဲ့ သား
မိုင်ပေါင်းများစွာ ဝေးကွာခြားလည်း
များလှကျေးဇူး အထွေထူးကို
ဦးထိပ်ထားကာ
ရှိခိုးလျက်ပါ မေမေရယ်...။