ရေးသားသူ ထင်လင်းအောင်
ကျွန်တော်မှတ်မိနေပါသေးတယ်။ကျွန်တော်ရယ်..ညီလေးရယ်..မူလတန်းကျောင်းဆင်းပြီးအိမ်မှာ
ဆော့ကစားနေချိန်မှာအဖေပြန်လာပြီ...အဖေပြန်လာပြီဆိုရင်ကျွန်တော့်တို့တွေဟာဝမ်းသာအားရ
ဆီးကြိုကြတယ်...

အဖေက ကျောင်းဆရာ...ကျွန်တော်တို့နေတဲ့မြို့လေးကနေ(၁၀)မိုင်ကျော်ကျော်ဝေးတဲ့
တောင်ကြိုတောင်ကြား ချက်ကြိုချက်ကြားမှာရှိတဲ့ ငမြှောင်တောင်ဆိုတဲ့ ရွာလေးမှာ
မူလတန်းကျောင်းအုပ်ဆရာကြီးပေါ့...ကျောင်းအုပ်ဆရာအုပ်ကြီးဆိုပေမယ့် ဆရာအင်အားက
နည်းတော့ကျောင်းရဲ့စီမံအုပ်ချုပ်မှုကိုသာမက ကလေးတွေကို စာလည်း သင်ရတယ်...
အဲဒီငမြှောင်တောင်ရွာကို နေ့တိုင်းစက်ဘီးစီးပြီးသွားတယ်..ကျွန်တော်တို့မြို့လေးကနေ
အဲဒီရွာကိုသွားဖို့ ယာခင်းတွေဖြတ်ရတယ်...တောင်ကုန်းတွေကိုကျော်ရတယ်..သဲချောင်းရိုးတွေ
ကိုလည်း ဖြတ်သွားရတယ်...လမ်းဆို တာကလည်း လူသွားလမ်းသာသာရှိတဲ့ မြေလမ်းကလေး သာဖြစ်တယ်...တော်တော်ကြမ်းတဲ့လမ်းခရီးပါပဲ...အဲဒီလောက်ကြမ်းတမ်းပြီးခက်ခဲတဲ့လမ်းခရီးကို နေ့ချင်းပြန်ကျောင်းတက်ခဲ့တာ ၁၀နှစ်ကျော်လောက်ရှိပါတယ်...အဖေဟာဘာကြောင့်
အဲဒီလောက်ဝေးလှပြီးပင်ပန်းလှတဲ့ခရီးကို နေ့ချင်း ပြန်ကျောင်းတက်တာလဲဆိုရင်...
ကျွန်တော်တို့သားသမီးတွေကြောင့်တဲ့...

“အဖေက မင်းတို့ကိုအိမ်မှာထားခဲ့ပြီး ရွာမှာပဲနေ...စာသင်လို့ရတယ်...ဒါပေမဲ့အဖေသာ
အဲဒီလိုနေလိုရင်မင်းတို့ ဟာ ဆေးလိပ်သောက်၊အရက်သောက်၊ကျောင်းလစ်ပြီး ပျက်ဆီးချင်ပျက်
ဆီးနေမှာပဲ...အဲဒါတွေကိုတွေးမိလို့ အ ဖေက အပင်ပန်းခံပြီး အိမ်ကို နေ့ချင်းပြန်လာတာ...
ကိုယ်ဖိရင်ဖိကိုယ့်သားသမီးတွေကို ဆုံးမချင်လို့ပေါ့” ဟု အ ဖေက ကျွန်တော်တို့ကိုပြောပြတယ်...

အဖေပြောတာမှန်ပါတယ်...အဖေသာပြန်မလာပဲ ကျွန်တော်တို့နဲ့အဝေးမှာနေရင် ကျွန်တော်တို့
ညီအစ်ကိုတွေဟာ ဖြစ်ချင်တိုင်းဖြစ်နေမှာပါ...ကျွန်တော်တို့က လူပျိုပေါက်အရွယ်တွေကိုး...
ကျွန်တော်တို့ညီအစ်ကိုတွေကအဖေနဲ့ အမေဆိုရင် အဖေ့ကို ပိုပြီးကြောက်ကြတယ်လေ...

အဖေဟာ ကျွန်တော်တို့ညီအစ်ကိုတွေ အကျင့်စာရိတ္တပျက်ဆီးမှာကို အရမ်းစိုးရိမ်တယ်... သူများပစ္စည်းခိုးတာ...သူများသားသမီးကို စော်ကားတာ...အရက်သေစာ သောက်စားပြီး မူးရူးရမ်းကားနေမှာကိုတွေကိုပေါ့...အဖေ ဘာကြောင့်အဲဒီလောက်ကျွန်တော်တို့ကို စိုးရိမ် တာလည်းဆိုတော့...ကျွန်တော်တို့နေတဲ့ရပ်ကွပ်ထဲမှာ အငြိမ်းစားကျောင်းအုပ်ဆရာကြီး တစ်ယောက်ရှိတယ်...သူ့မှာသားနှစ်ယောက်ရှိတယ်...ဒီသားနှစ်ယောက်ကတစ်နေကုန်
မူးရူးပြီး သူများပစ္စည်းခိုးချင်လည်းခိုးလိုက်တာပဲ...အဲဒါတွေမြင်တော့်ကျောင်းအုပ်ဆရာကြီး
တစ်ယောက်ဖြစ်တဲ့အဖေက ကျွန်တော်တို့ကို “ မင်းတို့ကို အဲဒီလို ဘ၀မျိုးရောက်မှာကို ငါအကြောက်ဆုံးပဲ...မင်းတို့အဲဒီလိုမဖြစ်အောင် နေကြ... ကျောင်းအုပ်ဆရာကြီးတစ်
ယောက်ရဲ့ သားတွေဟာအဲဒီလိုဖြစ်သင့်သလား... မင်းတို့သေချာစဉ်းစားကြ” ဟု
ကြုံတိုင်း ဆုံးမပါတယ်...

အဖေဟာ နာလေးနာနဲ့ပြည့်စုံတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်တယ်လို့ကျွန်တော်ထင်တယ်...
အဖေက ကျောင်းသူကျောင်းသားတွေကို စာသင်ပြီဆိုရင် မတတ်တတ်အောင်သင်တယ်...
နားလည်အောင်သင်တယ်..ချော့ သင့်ရင်ချော့...ခြောက်သင့်ရင်ခြောက်...
ရိုက်သင့်ရင်ရိုက်ပြီးသင်တယ်...အဲဒီလိုသင်တာကြောင့် ကျောင်းသူကျောင်းသားတွေက
အဖေ့ကို ချစ်ကြောက်ရိုသေကြတယ်...

အဖဟာ သူတာဝန်ကျတဲ့ ကျေးရွာတွေရောက်တိုင်း အဲဒီရွာတွေက ဘုရားတွေကို
ဦးဆောင်ပြီးပြင်တယ်...ဘုရားပွဲတွေကျင်းပပေးတယ်...ပဌာန်းပွဲတွေကျင်းပပေးတယ်...
ဒါကြောင်မို့လို့ ကျောင်းသားမိဘတွေကအဖေ့ကို ယုံကြည်လေးစားအားကိုးကြတယ်...

အဲဒီရွာတွေက ဘုရားပွဲတွေရောက်ပီဆိုရင် ကျွန်တော်တို့ညီအစ်ကိုတွေအပျော်ဆုံးပေါ့ဗျာ...
ဘာလို့လဲဆိုတော့် အဖေပြန်လာရင် ဘုရားပွဲမုန့်တွေပါလာမှာကိုး... အဖေပါလာတဲ့
မုန့်တွေကကုလားပဲခွေ၊မုန့်ဆီကြော်၊ဂျုံမုန့်ကျော်၊ညာတယာမုန့်တွေပေါ့...အဲဒီမုန့်တွေက
ကျွန်တော်တို့တွေ တစ်ပတ်လောက်စားတာတောင်မကုန်ပါဘူး...ကျွန်တော်က
မုန့်သိပ်ကြိုက်တဲ့ကောင်...အထူးသဖြင့် ဒီလိုဘုရားပွဲမုန့်တွေကိုအရမ်းကြိုက်တာကိုး...
အဖေက လည်း ကျွန်တော်တို့ ကြိုက်တတ်မှန်းသိလို့ဟိုး...အဝေးကြီးကနေပြီး မုန့်တွေကို
သယ်သယ်လာတော့် ကျွန်တော်တို့ဟာ အဖေ့ကို ပိုပြီးချစ်ကြတယ်...

အဖေကျောင်းဆရာလုပ်တဲ့ ရွာတွေမှာ သရဲတစ္ဆေပူးတာတို့...ရုက္ခစိုးကိုင်တာတို့ကိုလည်း
အဖေကကုသပေးတယ်...ဒါပေမဲ့ အဖေက ဂိုဏ်းဝင်ပယောဂဆရာတော့မဟုတ်ဘူး...
မေတ္တာာ၊သမာဓိနဲ့ကုသပေးတဲ့ ဆရာသာဖြစ်တယ်...အဖေဟာ အဲဒီလို လူနာတွေကို
ကုသပေးသော်လည်း ဘာအခကြေးငွေမှမယူဘူး...အဲ တစ်ခုတော့်ရှိတယ်...အဖေ့ကို
လာပင့်ရင်တော့် ဘုရားကိုပူဇော်ဖို့ ဖယောင်းတိုင်တစ်ထုပ်ရယ်...အမွှေးတိုင်တစ်ထုပ်ရယ်
တော့ပါရမယ်...အဖေဟာ ကိုယ့်လာပင့်တဲ့ ဘယ်လူနာမဆိုကျောသားရင်သားမခွဲခြားပဲ ဆက်ဆံတယ်...ဘယ်အချိန်မဆိုလာပင့်ရင်လည်းလိုက်တယ်...

ကျွန်တော်မှတ်မိတာလေးကိုပြောပြအုံးမယ်... ကျွန်တော်တို့ငယ်ငယ်လေးက... ည
၁၀နာရီလောက်ကြီးမှာပေါ့...အဖေ့ကို အဲဒီငမြှောင်တောင်ဆိုတဲ့ ရွာကသူ့တပည့်တွေက
လာပင့်တယ်...ကျွန်တော့်အမေကတော့် အဖေ့ကိုမလိုက်စေ ချင်ဘူး...ဒါပေမဲ့အဖေက
“ငါလိုက်သွားလိုက်ပါမယ်ကွာ” ဟုဆိုကာ စက်ဘီးတစ်စီးနဲ့ထလိုက်သွား တယ်...
စဉ်းစားကြည့်ပါလားဗျာ... အဲဒီလောက် တောကြိုတောင်ကြား၊ချောင်းကြိုချောင်းကြား၊
ညကြီးမင်းကြီးမီးမရှိဘာမရှိနဲ့ မွေပါးကင်းပါးပေါတဲ့ လမ်းကို မငြင်းမဆို ချက်ချင်းကြီးလိုက်
သွားတဲ့ အဖေ့ရဲ့မေတ္တာကို ကျွန်တော်ကတော့် အရမ်းလေးစားတယ်...

အဖေဟာ အများအကျိုးဆောင်ရာမှာလည်း အလွန်ဝါသနာပါသူဖြစ်တယ်...သူ ကျောင်း
ဆရာလုပ်တဲ့ ရွာတွေရဲ့သာရေးနာရေး၊ ကျွန်တော်တို့နေတဲ့ရပ်ကွက်ရဲ့ သာရေးနာရေးမှန်
သမျှအဖေပါတယ်...

အဖေဟာ အလုပ်တစ်ခုလုပ်ရာမှာလည်း ဇွဲ အင်မတန်ကြီးသူဖြစ်တယ်...သူလုပ်ချင်တဲ့
အလုပ်တစ်ခုကို ဆုံးခမ်းတိုင်အောင်ထိလုပ်တယ်...ဘယ်လို အခက်အခဲ အတားအဆီး
တွေရှိနေပါစေ..အဖေကတော့် သူလိုချင်ရာပန်းတိုင်ကို ရောက်အောင်သွားတယ်...

အဖေ့ရဲ့ မေတ္တာ၊ စေတနာ၊ အများအကျိုးလုပ်ဆောင်မှုတွေ…ဇွဲကြီးမားမှုတွေကို ကျွန်တော်
အလွန်လေးစားမိတယ်...ဒါ... ငါ့ အဖေ ကွလို့ ဂုဏ်ယူဝင့်ကြွားမိတယ်...

အဖေပြောတဲ့ စကားလေးတစ်ခွန်းရှိသေးတယ်..." လောကမှာ သား(၃)မျိုးရှိတယ်...
အဖေ့ထက်ညံ့တဲ့သား အဖေနဲ့တန်းတူဖြစ်တဲ့သားအဖေထက်တော်တဲ့သားတဲ့...အဲဒီ (၃)
မျိုးထဲမှာ မင်းတို့ကဘယ်လိုသားမျိုးလဲ...ကိုယ့်ဘာသာစဉ်းစားကြ ... ငါကတော့
မင်းတို့ကို အဖေ့ထက်တော်တဲ့သား ဖြစ်စေချင်တာ "ဟု အဖေပြောတယ်...

ဟိုး...ဝေးဝေးမှာ နေတဲ့ အဖေရေ...အဖေ ဖြစ်စေချင်တဲ့ အဖေ့ထက်တော်တဲ့
သားတစ်ယောက်ဖြစ်အောင်လို့ သား ကြိုးစားနေပါတယ် အဖေ...
0 Responses