ရေးသားသူ ထင်လင်းအောင်
ကျွန်တော်မှတ်မိနေပါသေးတယ်။ကျွန်တော်ရယ်..ညီလေးရယ်..မူလတန်းကျောင်းဆင်းပြီးအိမ်မှာ
ဆော့ကစားနေချိန်မှာအဖေပြန်လာပြီ...အဖေပြန်လာပြီဆိုရင်ကျွန်တော့်တို့တွေဟာဝမ်းသာအားရ
ဆီးကြိုကြတယ်...

အဖေက ကျောင်းဆရာ...ကျွန်တော်တို့နေတဲ့မြို့လေးကနေ(၁၀)မိုင်ကျော်ကျော်ဝေးတဲ့
တောင်ကြိုတောင်ကြား ချက်ကြိုချက်ကြားမှာရှိတဲ့ ငမြှောင်တောင်ဆိုတဲ့ ရွာလေးမှာ
မူလတန်းကျောင်းအုပ်ဆရာကြီးပေါ့...ကျောင်းအုပ်ဆရာအုပ်ကြီးဆိုပေမယ့် ဆရာအင်အားက
နည်းတော့ကျောင်းရဲ့စီမံအုပ်ချုပ်မှုကိုသာမက ကလေးတွေကို စာလည်း သင်ရတယ်...
အဲဒီငမြှောင်တောင်ရွာကို နေ့တိုင်းစက်ဘီးစီးပြီးသွားတယ်..ကျွန်တော်တို့မြို့လေးကနေ
အဲဒီရွာကိုသွားဖို့ ယာခင်းတွေဖြတ်ရတယ်...တောင်ကုန်းတွေကိုကျော်ရတယ်..သဲချောင်းရိုးတွေ
ကိုလည်း ဖြတ်သွားရတယ်...လမ်းဆို တာကလည်း လူသွားလမ်းသာသာရှိတဲ့ မြေလမ်းကလေး သာဖြစ်တယ်...တော်တော်ကြမ်းတဲ့လမ်းခရီးပါပဲ...အဲဒီလောက်ကြမ်းတမ်းပြီးခက်ခဲတဲ့လမ်းခရီးကို နေ့ချင်းပြန်ကျောင်းတက်ခဲ့တာ ၁၀နှစ်ကျော်လောက်ရှိပါတယ်...အဖေဟာဘာကြောင့်
အဲဒီလောက်ဝေးလှပြီးပင်ပန်းလှတဲ့ခရီးကို နေ့ချင်း ပြန်ကျောင်းတက်တာလဲဆိုရင်...
ကျွန်တော်တို့သားသမီးတွေကြောင့်တဲ့...

“အဖေက မင်းတို့ကိုအိမ်မှာထားခဲ့ပြီး ရွာမှာပဲနေ...စာသင်လို့ရတယ်...ဒါပေမဲ့အဖေသာ
အဲဒီလိုနေလိုရင်မင်းတို့ ဟာ ဆေးလိပ်သောက်၊အရက်သောက်၊ကျောင်းလစ်ပြီး ပျက်ဆီးချင်ပျက်
ဆီးနေမှာပဲ...အဲဒါတွေကိုတွေးမိလို့ အ ဖေက အပင်ပန်းခံပြီး အိမ်ကို နေ့ချင်းပြန်လာတာ...
ကိုယ်ဖိရင်ဖိကိုယ့်သားသမီးတွေကို ဆုံးမချင်လို့ပေါ့” ဟု အ ဖေက ကျွန်တော်တို့ကိုပြောပြတယ်...

အဖေပြောတာမှန်ပါတယ်...အဖေသာပြန်မလာပဲ ကျွန်တော်တို့နဲ့အဝေးမှာနေရင် ကျွန်တော်တို့
ညီအစ်ကိုတွေဟာ ဖြစ်ချင်တိုင်းဖြစ်နေမှာပါ...ကျွန်တော်တို့က လူပျိုပေါက်အရွယ်တွေကိုး...
ကျွန်တော်တို့ညီအစ်ကိုတွေကအဖေနဲ့ အမေဆိုရင် အဖေ့ကို ပိုပြီးကြောက်ကြတယ်လေ...

အဖေဟာ ကျွန်တော်တို့ညီအစ်ကိုတွေ အကျင့်စာရိတ္တပျက်ဆီးမှာကို အရမ်းစိုးရိမ်တယ်... သူများပစ္စည်းခိုးတာ...သူများသားသမီးကို စော်ကားတာ...အရက်သေစာ သောက်စားပြီး မူးရူးရမ်းကားနေမှာကိုတွေကိုပေါ့...အဖေ ဘာကြောင့်အဲဒီလောက်ကျွန်တော်တို့ကို စိုးရိမ် တာလည်းဆိုတော့...ကျွန်တော်တို့နေတဲ့ရပ်ကွပ်ထဲမှာ အငြိမ်းစားကျောင်းအုပ်ဆရာကြီး တစ်ယောက်ရှိတယ်...သူ့မှာသားနှစ်ယောက်ရှိတယ်...ဒီသားနှစ်ယောက်ကတစ်နေကုန်
မူးရူးပြီး သူများပစ္စည်းခိုးချင်လည်းခိုးလိုက်တာပဲ...အဲဒါတွေမြင်တော့်ကျောင်းအုပ်ဆရာကြီး
တစ်ယောက်ဖြစ်တဲ့အဖေက ကျွန်တော်တို့ကို “ မင်းတို့ကို အဲဒီလို ဘ၀မျိုးရောက်မှာကို ငါအကြောက်ဆုံးပဲ...မင်းတို့အဲဒီလိုမဖြစ်အောင် နေကြ... ကျောင်းအုပ်ဆရာကြီးတစ်
ယောက်ရဲ့ သားတွေဟာအဲဒီလိုဖြစ်သင့်သလား... မင်းတို့သေချာစဉ်းစားကြ” ဟု
ကြုံတိုင်း ဆုံးမပါတယ်...

အဖေဟာ နာလေးနာနဲ့ပြည့်စုံတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်တယ်လို့ကျွန်တော်ထင်တယ်...
အဖေက ကျောင်းသူကျောင်းသားတွေကို စာသင်ပြီဆိုရင် မတတ်တတ်အောင်သင်တယ်...
နားလည်အောင်သင်တယ်..ချော့ သင့်ရင်ချော့...ခြောက်သင့်ရင်ခြောက်...
ရိုက်သင့်ရင်ရိုက်ပြီးသင်တယ်...အဲဒီလိုသင်တာကြောင့် ကျောင်းသူကျောင်းသားတွေက
အဖေ့ကို ချစ်ကြောက်ရိုသေကြတယ်...

အဖဟာ သူတာဝန်ကျတဲ့ ကျေးရွာတွေရောက်တိုင်း အဲဒီရွာတွေက ဘုရားတွေကို
ဦးဆောင်ပြီးပြင်တယ်...ဘုရားပွဲတွေကျင်းပပေးတယ်...ပဌာန်းပွဲတွေကျင်းပပေးတယ်...
ဒါကြောင်မို့လို့ ကျောင်းသားမိဘတွေကအဖေ့ကို ယုံကြည်လေးစားအားကိုးကြတယ်...

အဲဒီရွာတွေက ဘုရားပွဲတွေရောက်ပီဆိုရင် ကျွန်တော်တို့ညီအစ်ကိုတွေအပျော်ဆုံးပေါ့ဗျာ...
ဘာလို့လဲဆိုတော့် အဖေပြန်လာရင် ဘုရားပွဲမုန့်တွေပါလာမှာကိုး... အဖေပါလာတဲ့
မုန့်တွေကကုလားပဲခွေ၊မုန့်ဆီကြော်၊ဂျုံမုန့်ကျော်၊ညာတယာမုန့်တွေပေါ့...အဲဒီမုန့်တွေက
ကျွန်တော်တို့တွေ တစ်ပတ်လောက်စားတာတောင်မကုန်ပါဘူး...ကျွန်တော်က
မုန့်သိပ်ကြိုက်တဲ့ကောင်...အထူးသဖြင့် ဒီလိုဘုရားပွဲမုန့်တွေကိုအရမ်းကြိုက်တာကိုး...
အဖေက လည်း ကျွန်တော်တို့ ကြိုက်တတ်မှန်းသိလို့ဟိုး...အဝေးကြီးကနေပြီး မုန့်တွေကို
သယ်သယ်လာတော့် ကျွန်တော်တို့ဟာ အဖေ့ကို ပိုပြီးချစ်ကြတယ်...

အဖေကျောင်းဆရာလုပ်တဲ့ ရွာတွေမှာ သရဲတစ္ဆေပူးတာတို့...ရုက္ခစိုးကိုင်တာတို့ကိုလည်း
အဖေကကုသပေးတယ်...ဒါပေမဲ့ အဖေက ဂိုဏ်းဝင်ပယောဂဆရာတော့မဟုတ်ဘူး...
မေတ္တာာ၊သမာဓိနဲ့ကုသပေးတဲ့ ဆရာသာဖြစ်တယ်...အဖေဟာ အဲဒီလို လူနာတွေကို
ကုသပေးသော်လည်း ဘာအခကြေးငွေမှမယူဘူး...အဲ တစ်ခုတော့်ရှိတယ်...အဖေ့ကို
လာပင့်ရင်တော့် ဘုရားကိုပူဇော်ဖို့ ဖယောင်းတိုင်တစ်ထုပ်ရယ်...အမွှေးတိုင်တစ်ထုပ်ရယ်
တော့ပါရမယ်...အဖေဟာ ကိုယ့်လာပင့်တဲ့ ဘယ်လူနာမဆိုကျောသားရင်သားမခွဲခြားပဲ ဆက်ဆံတယ်...ဘယ်အချိန်မဆိုလာပင့်ရင်လည်းလိုက်တယ်...

ကျွန်တော်မှတ်မိတာလေးကိုပြောပြအုံးမယ်... ကျွန်တော်တို့ငယ်ငယ်လေးက... ည
၁၀နာရီလောက်ကြီးမှာပေါ့...အဖေ့ကို အဲဒီငမြှောင်တောင်ဆိုတဲ့ ရွာကသူ့တပည့်တွေက
လာပင့်တယ်...ကျွန်တော့်အမေကတော့် အဖေ့ကိုမလိုက်စေ ချင်ဘူး...ဒါပေမဲ့အဖေက
“ငါလိုက်သွားလိုက်ပါမယ်ကွာ” ဟုဆိုကာ စက်ဘီးတစ်စီးနဲ့ထလိုက်သွား တယ်...
စဉ်းစားကြည့်ပါလားဗျာ... အဲဒီလောက် တောကြိုတောင်ကြား၊ချောင်းကြိုချောင်းကြား၊
ညကြီးမင်းကြီးမီးမရှိဘာမရှိနဲ့ မွေပါးကင်းပါးပေါတဲ့ လမ်းကို မငြင်းမဆို ချက်ချင်းကြီးလိုက်
သွားတဲ့ အဖေ့ရဲ့မေတ္တာကို ကျွန်တော်ကတော့် အရမ်းလေးစားတယ်...

အဖေဟာ အများအကျိုးဆောင်ရာမှာလည်း အလွန်ဝါသနာပါသူဖြစ်တယ်...သူ ကျောင်း
ဆရာလုပ်တဲ့ ရွာတွေရဲ့သာရေးနာရေး၊ ကျွန်တော်တို့နေတဲ့ရပ်ကွက်ရဲ့ သာရေးနာရေးမှန်
သမျှအဖေပါတယ်...

အဖေဟာ အလုပ်တစ်ခုလုပ်ရာမှာလည်း ဇွဲ အင်မတန်ကြီးသူဖြစ်တယ်...သူလုပ်ချင်တဲ့
အလုပ်တစ်ခုကို ဆုံးခမ်းတိုင်အောင်ထိလုပ်တယ်...ဘယ်လို အခက်အခဲ အတားအဆီး
တွေရှိနေပါစေ..အဖေကတော့် သူလိုချင်ရာပန်းတိုင်ကို ရောက်အောင်သွားတယ်...

အဖေ့ရဲ့ မေတ္တာ၊ စေတနာ၊ အများအကျိုးလုပ်ဆောင်မှုတွေ…ဇွဲကြီးမားမှုတွေကို ကျွန်တော်
အလွန်လေးစားမိတယ်...ဒါ... ငါ့ အဖေ ကွလို့ ဂုဏ်ယူဝင့်ကြွားမိတယ်...

အဖေပြောတဲ့ စကားလေးတစ်ခွန်းရှိသေးတယ်..." လောကမှာ သား(၃)မျိုးရှိတယ်...
အဖေ့ထက်ညံ့တဲ့သား အဖေနဲ့တန်းတူဖြစ်တဲ့သားအဖေထက်တော်တဲ့သားတဲ့...အဲဒီ (၃)
မျိုးထဲမှာ မင်းတို့ကဘယ်လိုသားမျိုးလဲ...ကိုယ့်ဘာသာစဉ်းစားကြ ... ငါကတော့
မင်းတို့ကို အဖေ့ထက်တော်တဲ့သား ဖြစ်စေချင်တာ "ဟု အဖေပြောတယ်...

ဟိုး...ဝေးဝေးမှာ နေတဲ့ အဖေရေ...အဖေ ဖြစ်စေချင်တဲ့ အဖေ့ထက်တော်တဲ့
သားတစ်ယောက်ဖြစ်အောင်လို့ သား ကြိုးစားနေပါတယ် အဖေ...
ရေးသားသူ ထင်လင်းအောင်
ကျွန်တော်တို့ကို Raven သွေးလှူရှင်များ အသင်းမှ ဒေါ်လေးသွယ် က သွေးလိုနေပါသဖြင့်
သွေးလှူမလားဟု ဖုန်းဆက်ပြောတယ်။ ကျွန်တော်ကလည်း သွေး တစ်ခါမှ မလှူဘူးသေး...
သွေးလှူချင်စိတ်လည်းရှိသဖြင့် လှူမယ် ဟု ပြောလိုက်တယ်။လိုအပ်နေတာက A သွေးရယ်
B သွေးရယ်...ကျွန်တော်က B ခိုင်မျိုးက A ကျွန်တော်တို့နှစ်ယောက်လုံး သွေးလှူရန်
Heaven Internet ဆိုင်သို့ သွားကြတယ်။အဲဒီက နေ တစ်ဆင့် သွေးလှူမည့် သူများကို
စံပြဆေးရုံကြီးသို့ ကားနဲ့ လိုက်ပို့ပေးတယ်။

ကျွန်တော်က စံပြဆေးရုံကြီးသို့ တစ်ခါမှ မရောက်ဘူးသေး။ ဆေးရုံကြီးထဲရောက်တော့
ကျွန်တော်တို့ကို သွေးပေါင်တိုင်းတယ်။ကျွန်တော်က အပေါ်သွေး ၁၂၀ အောက်သွေး ၈၀
ပထမစစ်ချက်အောင်တယ်။ဒါကြောင့် ကျွန်တော်သွေးလှူမယ့် လူနာရှင်အဒေါ်ကြီးနဲ့ အတူ
သွေးလှူဘဏ်ကို သွားတယ်။အဲဒီမှာ ကျွန်တော့်သွေးကို စစ်ချက်ယူတယ်။ကျွန်တော့်သွေးမှာ
ရောဂါရှိမရှိစစ်တာ။ကျွန်တော့်သွေးကို check လုပ်နေချိန်မှာ ကျွန်တော့မျက်လုံးများက
သွေးလှူဘဏ်ထဲမှာရေးထားတဲ့ စာတန်းတွေကို ဖတ်နေမိသည်။

သွေးလှူရှင်များသိသင့်သိထိုက်သောအချက်များတဲ့
၁။အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းဖြစ်ပြီး၊ကျန်းမာရေးကောင်းမွန်ရမည်။
၂။ကိုယ်အလေးချိန် အနည်းဆုံး (ကျား-100 lb,မ 90 lb),blood pressure
-(ကျား -120/80mmhg Hemoglobin 12.5g%, မ-110/70mmhg hemoglobin
11.5g% ရှိရမည်။
၃။အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးနို့တိုက်ချိန်၊ ဓမ္မတာလာချိန်တို့တွင် သွေးမလှူရ။
၎။လွန်ခဲ့သော (၃)နှစ်အတွင်း ငှက်ဖျားရောဂါ၊ လွန်ခဲ့သော (၁)နှစ်အတွင်း သွေးသွင်းကုသခံရ
သူ၊ခွဲစိပ်ကုသခံရသူ၊လွန်ခဲ့သော (၂၁)ရက်အတွင်း ကာကွယ်ဆေးထိုးခဲ့သူ၊ အားနည်းသူ ၊မူးဝေသူ များ၊ဆေးမင်ကြောင်ထိုးထားသူများ သွေးမလှူသင့်ပါ။
၅။ဆုံဆို့နာ၊ခြေလက်မသန်စွမ်းသူ၊ဆီးချို၊သွေးတိုး၊နှလုံး၊HIVပိုးရှိသူ၊အရေပြားရောဂါ၊ဆီပိုး၊ဗီပိုးနှင့်
ဝက်ရူးပြန်ရောဂါ၊ကာလသားရောဂါရှိသူများ သွေးမလှူသင့်ပါ။
၆။သွေးတစ်ကြိမ်လှူပြီး ၄ လတင်းတင်းပြည့်မှသာ သွေးလှူဒါန်းသင့်သည်။

ကျွန်တော်တို့သွေးလှူရှင်များသည် ဖော်ပြပါအချက်များနှင့် ကိုက်ညီမှသာ သွေးလှူဒါန်းခွင့်
ရကြမည်။ ကျွန်တော်တို့စိတ်ကဘယ်လောက်ပင်သွေးလှူချင်နေသော်လည်း ကိုယ့်ရဲ့သွေးက
ရောဂါကင်းစင်နေအုံးမှ ဖော်ပြပါအချက်တွေနဲ့လည်းပြည့်စုံအုံးမှ မိမိရဲ့ ဒါနမြောက်မည်။
ကျွန်တော့်စိတ်ကတော့ ယခုပင်သွေးလှူဖို့ အဆင်သင့်ဖြစ်နေပါပြီ... ဒါပေမဲ့ ကျွန်တော့်ရဲ့
သွေးက သတ်မှတ်ထားသောရောဂါတွေနဲ့ ကင်းစင်နေပါ့မလား...ကျွန်တော် စိုးရိမ်စွာစောင့်
စားနေမိပါတယ်။နာရီဝက်သာသာကြာတော့ ကျွန်တောသွေးစစ်တာ အောင်ကြောင်းသိရတယ်။
ကျွန်တော်ဝမ်းသာစွာပင် သွေးလှူကုတင်လေးပေါ်မှာ လဲလျောင်းနေလိုက်တယ်။
ကျွန်တော့်ရဲ့သွေးတွေကို ပုလင်းထဲသို့ ဖောက်ထုပ်လှူဒါန်းနေစဉ်မှာ ကျွန်တော့်စိတ်ထဲမှာ
အတွေးတွေစီးဆင်းလာပါတော့တယ်။

ကျွန်တော်ဘာကြောင့်သွေးလှူဒါန်းတာလဲ...
ကျွန်တော်ဘာကြောင့်သွေးလှူဒါန်းနေတာလဲ...လို့ မေးခွန်းထုပ်နေမိတယ်။
ကျွန်တော်တို့တစ်တွေဟာ လူဖြစ်လာကတည်းက သတ္တ၀ါတွေရဲ့ အသွေးအသားများကို
စားသုံးခဲ့ကြဘူးပြီ။ဒါပေမဲ့ ကိုယ့်ရဲ့ သွေးသားတွေနဲ့ သူတို့တွေဆက်လက်ရှင်သန်ရန်အတွက်
လှူဒါန်းဘူးလား...ကျွန်တော့်အတွက်တော့ ခုချိန်ထိ ကိုယ့်ရဲ့သွေးနဲ့ ဘယ်သူ့ရဲ့အသက်ကိုမှ
မကယ်ဘူးသေး...ကိုယ့်ရဲ့သန့်စင်သောသွေးနဲ့ ရောဂါဝေဒနာခံစားနေရသော... သွေးလို
အပ်နေသောသူတွေကို မလှူဘူးသေး... ဒါကြောင့်မို့ ကျွန်တော်သွေးလှူဒါန်းဖြစ်ခဲ့ခြင်းဖြစ်
သည်။အခုလိုလှူဒါန်းခြင်းမှာလည်း ဘာဂုဏ်၊ဘာငွေကြေးမှ လိုချင်လို့ လှူတာမဟုတ်။
ကိုယ့်ရဲ့သွေးနဲ့ လူတစ်ယောက်ရဲ့ အသက်ကိုကယ်ချင်လို့ ပင်ဖြစ်တယ်။
ကိုယ့်ရဲ့ ခန္ဒာကိုယ်ထဲမှာ လည်ပတ်နေတဲ့သွေးတွေကို တစ်ပါးသူအားလှူဒါန်းခြင်းသည် မြင့်မြတ်
သော အလုပ်ဖြစ်သည်ဟု ကျွန်တော်ထင်သည်။အဲဒီလိုမြင့်မြတ်တဲ့ အလုပ်ဖြစ် တဲ့ သွေးလှူဒါန်း
ခြင်းကို သွေး လှူဒါန်းခွင့်ရသူတိုင်း သွေးလှူဒါန်းသင့်သည်ဟု ကျွန်တော်ထင်တယ်။
သွေးလှူဒါန်းခြင်းအကျိုးတွေကိုလည်းကြည့်ပါအုံး...

" ၀ိပဿနာ မြတ်ချမ်းသာ လွန်စွာပွားနိုင်သည်၊
ဘ၀စည်းစိမ် မမှေးမှိန် ဂုဏ်ရှိန်ရတတ်သည်၊
ပစ္စုပ္ပန်မှာ စိတ်ချမ်းသာ မှန်စွာရနိုင်သည်၊
မြင့်မြတ်သူများ ဤသုံးပါး ထူးခြားရနိုင်သည်။" တဲ့

ဤကဲ့သို့သွေးလှူဒါန်းခြင်းအကျိုးကြောင့် ယခုလက်ရှိအချိန်လေးမှာမိမိရဲ့စိတ်ဟာ
ချမ်းသာနေမယ်၊ကိုယ့်မှာရရှိ နေတဲ့ ဘ၀စည်းစိမ်ဟာလည်း ဘယ်တော့မှ
မှေးမှိန်ပျောက်ကွယ် သွားမှာမဟုတ်ပါဘူး၊နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့
ဒုက္ခအားလုံးလွတ်မြောက်ရာ မြတ်နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်မြတ်ဖြစ်တဲ့
ဝိပဿနာတရားတော်မြတ်ကို အခက်အခဲမရှိ စိတ်ချမ်းသာစွာပွားများ
နိုင်တယ်။တော်တော်အားရစရာကောင်းတဲ့ အကျိုးတွေပါပဲ...

၁၅ မိနစ်ခန့်ကြာတော့ ကျွန်တော့်ရဲ့ သွေးလှူဒါန်းခြင်းပြီးဆုံးသွားတယ်။ ဒါပေမဲ့
ချက်ခြင်းကြီးထလို့ မရသေး...ခဏလောက်လဲလျောင်းနေရအုံးမည်။ ထိုစဉ်
လူနာရှင်အဒေါ်ကြီးကကျွန်တော့် အနားသို့လာကာ

" သား နေလို့ကောင်းရဲ့လား " လို့ စိုးရိမ်စွာမေးတယ်။

" သားကို နေ့တိုင်း မေတ္တာပို့ပေးပါမယ်...ကျေးဇူးလည်းအရမ်းတင်တယ် " ဟု တကယ်ပဲ
ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီး ကျွန်တော့်ကိုပြောတယ်။

" ဟုတ်ကဲ့ခင်ဗျာ ရပါတယ်... ကျွန်တော်ကလည်း အခုလို လှူဒါန်းရတဲ့အတွက် ၀မ်းသာ
ပျော်ရွှင်မိပါတယ် " လို့ ပြောလိုက်ပါတယ်။ဒီအဒေါ်ကြီးက ဆင်းရဲတယ်။ ကျွန်တော်သွေးလှူတဲ့
လူနာရဲ့မိန်းမ။ သားသမီးကျော ထောက်နောက်ခံမရှိဘူး။ ပြေးကြည့်မှ သူတို့လင်မယား
နှစ်ယောက်ပဲရှိတယ်။ အခုဆေးဖိုးအ တွက် သူတို့အိမ်မှာမွေးထားတဲ့ မွေးထားတဲ့ ၀က်တို့
ကြက်တို့ ကို ရောင်းခဲ့ရတယ်လို့ပြော တယ်။

အခုလို ဆင်းရဲတဲ့ သူတွေကို သွေးလှူရတာ ပိုပြီးတော့တောင်ကုသိုလ်ရသေးတယ်လို့ တွေးပြီး
ကျွန်တော်ပိုပြီးဝမ်းသာမိပါတယ်။ကျွန်တော်အမှန်တကယ်ပဲ ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။
မိမိကိုယ်ကိုလည်းကျေနပ် မိတယ်။ သူတစ်ပါးရဲ့ အသက်ကို ကယ်ဆယ်ရာရောက်သော...
မိမိရဲ့စိတ်ကို ချမ်းသာပျော်ရွှင်စေသော သွေးလှူဒါန်းခြင်းကို ကျွန်တော်သွေးလှူဒါန်းခွင့်ရတဲ့
အချိန်တိုင်း ဆက်လက်လှူဒါန်းအုံးမည်ဟု အပြန်လမ်းတစ်လျှောက်တွင် ဆုံးဖြတ်ချက်ချမိပါတယ်။

သွေးလှူဒါန်းခွင့်ရသူတိုင်း ၀မ်းသာပျော်ရွှင်စွာ သွေးလှူဒါန်းနိုင်ပါစေ။
ရေးသားသူ ထင်လင်းအောင်
မေတ္တာအတု အမုန်းအတု
ပစ္စည်းအတုတွေပေါတဲ့
ဒီလောကကြီးမှာ
မင်း(?) အပေါ်မှာထားမယ့်
ငါ့ရဲ့မေတ္တာကတော့
ဘာရေစစ်နဲ့မှ
စစ်စရာမလိုဘူးဆိုတာ
ကမ္ဘာမြေကိုသက်သေထားပြီး
ပြောပြလိုက်မယ်...